ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား သြစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေကိုယ်စားလှယ်တို့က အသီးသီးလာရောက်တွေ့ဆုံမှုသတင်း

16 pic 01မတ် ၁၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms. Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့က ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံခဲ့ပါသည်။
သြစတြေးလျသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျအစိုးရမှ ပညာသင်ဆုများပေးအပ်နေမှုအခြေအနေများ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ် ရန်စီစဉ်ထားသည့် Social Work Institute နှင့်ပတ်သက်၍ သြစတြေးလျရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်ကိစ္စများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အမျိုးသမီးအရေး တက်ကြွစွာလှုပ်ရှားနေသော လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံရှိ နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားရှိမှုများ၊ လူမှုသဟဇာတမျှတရေးနှင့် လူမှုစီးပွားဘ၀ တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအေဂျင်စီများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် UNICEF ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် မိုင်းအန္တရာယ်လျှော့ချရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ၂၀၁၉ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် International Day for Mine Awareness and Assistance in Mine Action အား ကျင်းပရန် ဆောင်ရွက်မည့်အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီအား ၇.၁.၂၀၁၉ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်မည့် အခြေအနေများ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ #h11 #npw_mar2019

Sign Up

Upcoming Events