မတ်လ ၁၀၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်လူငယ် သင်တန်း ကျောင်းကို သွားရောက်ကြည့်ရှုခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို အားပေးထောက်ပံ့ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၃လ) ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ချက်များ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ သန်လျင်လူငယ် သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် သင်တန်း ကျောင်းအုပ်တို့က သင်တန်းကျောင်းသို့ရောက်ရှိနေကြသော လူငယ်များပညာဆက်လက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည့် အခြေအနေ များ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများနှင့် လူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အပန်းဖြေနိုင်မှုအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမှုများ ပိုမိုဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ သင်တန်းကျောင်း၌ တာဝန် ယူဆောင်ရွက်နေသော ဝန်ထမ်းများကလည်း မိမိတာဝန်ကို မိမိကျေပွန်စွာ ထမ်းဆောင်ကြရန်တို့ကို ဆွေးနွေး မှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိနေကြသော လူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး စကားပြောကြားခဲ့ပြီး အာဟာရမုန့် များပေးဝေခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့၊ ရွှေမှော်ဝန်း သာသနာ့ဗိမာန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုတိုက်ရိုက် အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပြည်သူများ မျှမျှတတခံစားရရှိအောင် စီမံချက်များဖြင့် ဦးစား ပေးမှုအစဉ်လိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ရွက်ရသောကြောင့် ဝန်ကြီးဌာနတစ်ခု ထဲအနေဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အထွတ်အထိပ် ကာလဖြစ်သောမွေးစမှ အသက်(၃)နှစ် အရွယ်အထိ ကလေးသူငယ်များကို ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနည်း လမ်းများဖြင့် မိခင်ဝိုင်းများနှင့် နေ့ကလေးထိန်းကျောင်းများ တွင် ပြုစုလေ့ကျင့် ပေးခြင်းဖြင့် အနာဂတ်အတွက် သေချာသော အကျိုးအမြတ်များစွာရရှိမည်ဖြစ်၍ ကောင်းမွန်သော ရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ် ပါကြောင်း၊ မိခင်ဝိုင်းများတွင် ပြုစုလေ့ကျင့်ပေးမည့် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများအတွက်လည်း သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ ထောက်ပံ့ချီးမြှင့်ငွေ ပေးခြင်းနှင့် ကလေးငယ်များအတွက် နေ့လည်စာ(၁)နပ် ကျွေးမွေးခြင်းတို့ကို အစိုးရကထောက်ပံ့မှုများပေးသွားမှာဖြစ်ပါကြောင်း၊ အဆိုပါမိခင်ဝိုင်းများ ရေရှည်တည်တံ့စေရန် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူလူထုများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမှာဖြစ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအတွက် ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုများအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ဆောင်ရွက်ချက်များ သည် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ဆန္ဒအရ အတည်ပြုပြီးသော ဥပဒေများဖြင့် နည်းမှန် လမ်းမှန်ဖြင့် ဆောင်ရွက်ရပါကြောင်းနှင့် ဒီမိုကရေစီ ဖယ်ဒရယ်စနစ်အကူးအပြောင်းကာလတွင် အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ပူးပေါင်းပါဝင်မှု အင်အားဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကမာဆွဲလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာ အတွက်ထောက်ပံ့ငွေကျပ် (၄၁,၉၇၅,၀၀၀)၊ အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၂၉,၅၉၈,၀၀၀)၊ တိုင်းရင်းသားလူမျိုးစု ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် ထောက်ပံ့ ငွေကျပ် (၁၁,၅၉၈,၀၀၀)၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက်ထောက်ပံ့ငွေကျပ် (၈၆,၉၂၈,၀၀၀)၊ အောင်သုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေကျပ် (၂၉,၂၃၈,၀၀၀)၊ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်ထောက်ပံ့ငွေကျပ် (၅၅,၈၄၅,၀၀၀)၊ သဒ္ဓမ္မဇောတိကာရုံ လူငယ်စောင့်ရှောက်ရေးဂေဟာ အတွက်ထောက်ပံ့ငွေကျပ် (၁၆,၇၄၃,၀၀၀)၊ မေတ္တာရောင်ခြည် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၁၆,၃၀၂,၀၀၀)၊ ဗလအားမာန်ငါးတန် ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက်ထောက်ပံ့ငွေကျပ် (၃,၉၉၆,၀၀၀)၊ မိဘဂုဏ် ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၄,၇၁၉,၀၀၀)၊ ကျောက်တန်းဘိုးဘွား ရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၅,၀၁၃,၀၀၀)၊ ဒေးဒနော ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၅၄၀,၀၀၀)၊ လုမ္ဗနီဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၃,၀၇၈,၀၀၀)၊ ခရမ်းဘိုးဘွားရိပ်သာ အတွက် ထောက်ပံ့ငွေကျပ် (၃,၇၅၆,၀၀၀)၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၁)ကျောင်း အတွက် ထောက်ပံ့ငွေကျပ် (၇၇)သိန်းနှင့် မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၅၂၈,၁၀၀)တို့ကို အသီးသီးပေးအပ်ထောက် ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအတွက် အာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးဝေခဲ့ကြပါသည်။ ယနေ့ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၂၁,၅၅၇,၁၀၀) ဖြစ်ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မ အထောက် အကူပြုဗဟိုဌာနတွင် ကျင်းပသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း (၃လ) ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ချက်များ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာန လက်ထောက်ညွှန်ကြားရေးမှူးက အခြေခံသင်တန်း (၃လ) အမြန်ဆုံးဖွင့်လှစ်နိုင် ရန် INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#ygn_mar2019
Source: MSWRR