ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်တင်ပြဆွေးနွေးခြင်း အခမ်းအနားကျင်းပမှု သတင်း

7_Pic_01

နေပြည်တော်၊ မတ် ၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနည်းပါးသော ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန် ဆောင်မိခင်နှင့်  ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက် အပံ့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော်၊ လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပခဲ့ ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ယနေ့ အခမ်းအနားသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး နိုင်ငံတော်၏ ဘက်ဂျက် နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့် ချေးငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်နှင့်ပတ်သက်၍ လွှတ်တော်နှစ်ရပ်စလုံးရှိ ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြသွားမည့် အစီအစဉ်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များအတွက် အကျိုးရှိသော လုပ်ငန်းအစီအစဉ်ကို မစတင်မီကာလကတည်းက စနစ်တကျကြိုတင်ပြင်ဆင်ကာ အားလုံးဝိုင်းဝန်း စုပေါင်းအကြံ ဉာဏ်ဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုစီမံကိန်းကို လွှတ်တော် ကိုယ်စားလှယ်များ၏ ရှုထောင့်မျိုးစုံမှ အမြင်များအပေါ်အခြေခံ၍ အပြုသဘောဆောင်သောအကြံပြုချက်များပေးခြင်းဖြင့် အလေအလွင့်၊ အပျက်အစီး၊ အမှားအယွင်းမရှိ  ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ယခုစီမံကိန်းသည် နိုင်ငံတော်အစိုးရက မြန်မာ့လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်မှန်းချက်နှင့်အတူ မဟာဗျူဟာများချမှတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သော အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက် ရေး မဟာဗျူဟာစီမံချက်ကို အခြေခံသည်ဟုသိရှိရပါကြောင်း။ ယင်း မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။

ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူ ငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်သည် နိုင်ငံတော်၏ အနာဂတ်လူအစွမ်းအားအရင်းအမြစ်ဖြစ်သော ကလေး သူငယ်များကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလွန်အရေးကြီးသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော် အစိုးရက အသိအမှတ်ပြုအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကြိုတင် သိရှိနိုင်အောင် တင်ပြခြင်းဖြစ်ပါကြောင်း။

ထို့ပြင် အစီအစဉ်အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့်အချက်တစ်ခုမှာ ပေါင်းစပ်ညှိနှိုင်းခြင်း ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆင့်အသီးသီးတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ သည်လည်း အရေးကြီးပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုရှိပြီး ပြည်သူများ ၏ ပကတိ အခြေအနေ၊ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို သိရှိနိုင်ပြီး အစီအစဉ်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြံပြုနိုင်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစီ အစဉ် အကောင်အထည်ဖော်မှုများကို စောင့်ကြည့်ကြီးကြပ်သည့်အပိုင်းတွင်လည်း အကူအညီပေးနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေး ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ။

နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးကြီး သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ် များအား  ငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို နိုင်ငံတော်၏ ဘတ်ဂျက်နှင့်ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသည့် ချေးငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်ရာ၌ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း အကြံပြုဆွေးနွေးပေးပါရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  မိမိတို့ဝန်ကြီးဌာန၏ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များကို မဟာဗျူဟာစီမံချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းစသည်တို့နှင့်ကိုက်ညီသော ဦးစားပေးစီမံကိန်းများကို ရွေးချယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ထိုအချက် နှစ်ချက်နှင့်ကိုက်ညီမှသာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘတ်ဂျက်ရန်ပုံငွေချထား ပေးခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းထားပြီးဖြစ်သည့်  လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစီမံချက် (၈)ခု ဖြစ်သော (၁)ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မ ှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊ (၂)အသက်(၃)နှစ်အထက် ကလေးသူငယ် ထောက်ပံ့ခြင်း၊ (၃)မသန်စွမ်းထောက်ပံ့ခြင်း၊ (၄)ကျောင်းတွင်အာဟာရကျွေးမွေးသည့် အစီအစဉ်၊ (၅) အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာအစီအစဉ်၊ (၆)လူမှုရေး ပင်စင် ထောက်ပံ့သည့်အစီအစဉ်၊ (၇)သက်ကြီးသူချင်း ကူညီထောက်ပံ့သည့် အစီအစဉ် များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်၊ (၈)ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ အနက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်ကို ခန္ဓာကိုယ်ပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ရက်(၁၀၀၀)ကာလအတွင်း လွှမ်းခြုံမှုရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကိုယ်ဝန်ဆောင်အာဟာရ၊ မီးနေသည်အာဟာရ၊ နို့တိုက်မိခင်အာဟာရ၊ ကလေးသူငယ်အာဟာရစသည့် အာဟာရကျွေးမွေးခြင်းနှင့် သက်ဆိုင် သော အသိပညာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာနှင့် မိသားစုစီမံကိန်းနှင့်သက်ဆိုင်သော အသိပညာ ပေးခြင်းနှင့်အတူ ငွေကြေး ထောက်ပံ့ခြင်းကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းပြောကြားပါသည်။

ထို့အပြင် အသက်(၈)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် မသန်စွမ်း သူများအတွက်လည်း အထောက်အပံ့များပေးလျက်ရှိပြီး၊ မသန်စွမ်းခြင်းကိုကြိုတင် သိရှိနိုင်ပြီး ကာကွယ် ကုသပေးနိုင်သော Early Childhood Intervention (ECI) ၊ ထို့အပြင် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်း အစီအစဉ်သည်လည်း ကလေးသူငယ်များအတွက် အာဟာရတစ်နပ်စာ ကျွေးမွေးမှာဖြစ်ပြီး၊ ကျောင်းနေ ကလေးငယ်များ၏ ကျောင်းသင်ခန်းစာတွင် အာရုံစူးစိုက်မှု ပိုမိုစေမည်ဖြစ်ပြီး ကျောင်းထွက်မှု နှုန်းလျော့ကျ စေမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အများပြည်သူများ အတွက်အလုပ်အကိုင်ရရှိရေးကိုလည်း အသက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ပေး၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် သက်ကြီးရွယ်အို များအတွက် လူမှုရေးပင်စင်ကိုဆောင်ရွက်ပေးလျက်ရှိပြီး၊ အိုသော်လည်းစွမ်းသည့် သက်ကြီးရွယ်အိုများ အတွက် ဝင်ငွေရအလုပ် လုပ်ကိုင်နိုင်ရန် ကူညီထောက်ပံ့မှုများလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေးဝန်ဆောင်မှုများအဖြစ် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ကလေးသူငယ် ကိစ္စရပ်များ စသည့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက  ကမ္ဘာ့ဘဏ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက အကောင်အထည်ဖော်မည့် အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ၊ အသိပညာပေးရေးဆိုင်ရာကိစ္စ ရပ်များ၊ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍများကို အကြံပြုဆွေးနွေးတင်ပြကြခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_mar2019

Source: MSWRR

Sign Up

Upcoming Events