မတ် ၅၊ နေပြည်တော်
မြေမြှုပ်မိုင်း တားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့်ပတ်သက်သည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊သင်္ဂဟဟိုတယ်၌် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၊ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက် ဖြစ်သော မြေမြှုပ်မိုင်းများနှင့် စစ်လက်ကျန်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းမှု ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ လူမှုစီးပွားဘဝထိခိုက်ခြင်းများစွာ ရင်ဆိုင်ခံစားရသည့်အတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်း၊ လူမှုဘဝပြန်လည်ဝင့်ဆံနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၄၈၉)ဦး အတွက် (၁)ဦးလျှင် ထောက်ပံ့ကြေး ငွေကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း (၉၇၈) သန်းတိတိကို ဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံ ငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေး ဆောက်ရွက်ရာတွင်လည်း ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်နေပါကြောင်း၊ ပြန်လည် ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းသည် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းဖြစ်သည့်အတွက် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိုင်းကြောင့်ထိခိုက်ခံစားရသူများ လျော့နည်းသွားမည်ဖြစ်ပြီး ဒေသခံများ၏ သက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်အင်ဂျင်နီယာညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်နှင့် နော်ဝေသံအမတ်ကြီး Ms.ToneTinnes တို့ကနှုတ်ဆက် စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေမြုပ်မိုင်းဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့်ပတ်သက်၍ အချက် (၁)ချက်ချင်းစီအလိုက် ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်များ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2
#npw_mar2019
Source: MSWRR