လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉)ရက်နေ့ (၁၈၄၅)နာရီချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ်(၃၃၈/၃၃၉)ရှိ ဟွန်ဒါမြန်မာ (Honda Myanmar) အထပ်သားစက်ရုံတွင် လွှစာမှုန့်များသို့ မီးကူးစက်၍ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၁၃)ဦးဒဏ်ရာရ၊ လူ(၁)ဦးသေဆုံးခဲ့သဖြင့် (၁၉-၂-၂၀၁၉)ရက်နေ့တွင် ဒဏ်ရာရလူနာထောက်ပံ့ငွေနှင့် သေဆုံးထောက်ပံ့ငွေများအား ဘေးသင့်ပြည်သူများ၏ မိသားစုနှင့် ကျန်ရစ်သူမိသားစုထံသို့ထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါ ဒဏ်ရာရသူ(၁၃)ဦးအနက်မှ (၉)ဦးသည် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသောကြောင့် (၁-၃-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သေဆုံးထောက်ပံ့ငွေကျပ် (၂,၂၅၀,၀၀၀)အား ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် သေဆုံးသူများ၏ မိသားစု လက်ဝယ်သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် (၁၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ထပ်မံ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။