ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO မော်တော်ယာဉ် အစီး (၂၀) ပေးအပ်လှူဒါန်း

28 Pic_01ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO  မော်တော်ယာဉ်အစီး(၂၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Hong Liang က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အစဉ်တစိုက် အားပေးထောက်ခံလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်များအတွက်  ကူညီမှုတစ်ရပ်အနေဖြင့် မော်တော်ယာဉ်အစီး (၂၀)ကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်းအေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည်ဟု ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ် အောင် အစစရာရာ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း (၁)ခုတို့မှ ပြန်လည်နေရာချထားပေးမည့် သက်ဆိုင်ရာနေရာ အသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေး ထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်တော်ယာဉ် အစီး (၂၀)လှူဒါန်း သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအတွက် လိုအပ်သည့် အခါတိုင်းတွင် ပူးပေါင်းကူညီဆောင်ရွက်မှုများရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် လွှဲပြောင်းခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုထံသို့ ပြန်လည် လွှဲပြောင်းပေးအပ် ခဲ့ပါသည်။

ထို့နောက် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့တို့သည် ပေးအပ်လှူဒါန်းသည့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး ခဲ့ကြပါသည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H. E Mr. Sun Guoxiang က ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် လက်ခံရေးစခန်း(၂)ခု၊ ကြားစခန်း(၁)ခုဖြင့် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ လက်ခံပြီးနောက် ပြန်လည်နေရာချထားရေး၊ အိမ်ရာများဆောက်လုပ်ပေးနိုင်ရေး၊ သက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများ လက်လှမ်းမီစေရေးစသည်တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုအခြေအနေ များ၊ အထူးကိုယ်စားလှယ်အနေနှင့် မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံး၍ ဘင်္ဂလားဒေ့ရှိနိုင်ငံသို့သွားရောက်ပြီး နောက် ကုလသမဂ္ဂရုံးချုပ်သို့သွားရောက်၍ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ကြီးဌာန၌ထားရှိသော နေရပ်စွန့်ခွာမှုများ အတွက် တည်ဆောက်ပေးမည့် နမူနာအိမ်ပုံစံအား လိုက်လံပြသခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_feb2019

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

Sign Up

Upcoming Events