
=================================================
ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်———————
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း မိသားစု ဝန်ထမ်း အိမ်ရာများနှင့် အပျိုဆောင်များသို့ (၂၄-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း/အမှုထမ်းမိသားစုများနှင့် အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့တိုက်နှင့်အဆောင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးထိခိုက်စေနိုင်သော မြောင်းပုတ် အနံ့နှင့် ခြင်နှင့်ပတ်သက်သော ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာစည်းကမ်းများနှင့်အညီနေထိုင်ရေး၊ အိမ်ရာများတွင်ရှိသော မီးသတ်ဆေးဗူးများ သက်တမ်းလွန်မဖြစ်စေရေးအတွက် ပြန်လည်စစ်ဆေးဆောင်ရွက်ရန်၊ အပျိုဆောင်များတွင် တီဗွီနှင့် ရေခဲသေတ္တာများ ပိုမိုသုံးစွဲလာကြသည့်အတွက် သက်တမ်းကြာမြင့်ပြီဖြစ်သော လျှပ်စစ်မီးလိုင်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းစစ်ဆေးပြုပြင်မှု ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းအိမ်ရာများတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ကြားသိနေရသည့်အတွက် ပျောက်ဆုံးမှုမရှိအောင် ဝိုင်းဝန်းဂရုစိုက် စောင့်ရှောက်ကြရန်နှင့် တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာတိုက်တာဝန်ခံများနှင့် အဆောင် တာဝန်ခံများက တစ်ချို့အပိုင်းများကို နေပြည်တော် စည်ပင်သာယာရေးကောင်စီမှ လာရောက် ပြုပြင် ဆောင်ရွက်ပေးပါကြောင်း၊ ရေ/ လျှပ်စစ်မီး/ မိလ္လာ/ တိုက်များတွင် မိုးရေယိုစိမ့် မှုများ နှင့်ပတ်သက်၍ ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန် အသီးသီးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ဦးစီးဌာနများမှ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါ သည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဝန်ထမ်း မိသားစုများ စိုက်ပျိုးထားသော သီးပင်စားပင် စိုက်ခင်းများအား ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိ ပါသည်။