ဖေဖော်ဝါရီ၂၂၊ နေပြည်တော်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်း ကော်မတီများအနက် လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာင်ငံသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကလေးများအားအဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ ILO Convention 182 ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံနှင့် အလုပ်သမားအက်ဥပဒေတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ကန့်သတ်ချက်ကို ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာန များအက်ဥပဒေတွင်လည်း အလုပ်စတင်ဝင်ရောက်နိုင်သည့် အသက်မှာ (၁၄)နှစ်ဟုလည်းကောင်း၊ အသက် (၁၈)နှစ် မပြည့် သေးပါက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသောလုပ်ငန်းများတွင် အလုပ်မလုပ်စေရဟု ပြဋ္ဌာန်းထားပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်မူကြမ်းရေးဆွဲရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဦးဆောင်၍ အစည်းအဝေးများကိုအဆင့်ဆင့်ကျင်းပခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကလေး လုပ်သား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ(၁) ဥက္ကဋ္ဌဖြင့်ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သောဒုတိယအကြိမ် အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီ (၈)ရပ်၏ အသေးစိတ်စီမံချက်ကို (၄)လအတွင်းတင်ပြရမည်ဖြစ်ရာယခုနှစ် ဧပြီလကုန်တွင် တင်ပြရမည်ဖြစ်ပါသဖြင့် အချိန် ကာလနီးကပ်နေပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်တွင် ပါဝင်သင့်သည့်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ပူးပေါင်းဆောင်ရွက်ရန် ပါဝင်သင့်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါ သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း) က လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်(မူကြမ်း) တို့ကို တင်ပြဆွေးနွေးခဲ့ရာတက်ရောက်လာ ကြသော တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
#hl2
#npw_feb2019