
=================================================
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်မနွိုင်ဆွိုင်းစခန်းမှ ကယားပြည်နယ်အတွင်းရှိ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လာသည့် အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၅၉) ဦးအား ထိုင်း-မြန်မာ ကောင်စစ်ဝန် ဦးသိန်းအောင်၊ မယ်ဟောင်ဆောင်ခရိုင် ဒုခရိုင်ဝန် လောင်ကျစ်နှင့် တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ် ကယားပြည်နယ်၊ မယ်စဲ့နယ်စပ်ဂိတ် BP 13 သို့ လိုက်လံပို့ဆောင်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်တွင်းနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် တိုင်းရင်းသား ပြည်သူများအား ပြန်လည်လက်ခံကြိုဆိုရေးအခမ်းအနားကို မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကားပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ INGOs, NGOs များမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ကြပါသည်။
ပြည်တွင်းနေရပ် ကယားပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု (၁၅)စု၊ လူဦးရေ(၅၉)ဦးတို့သည် လွိုင်ကော်မြို့နယ်မှ(၁၇)ဦး၊ ဒီးမော့ဆိုမြို့နယ်မှ(၂၃)ဦး၊ ဖရူဆိုမြို့နယ်မှ (၈)ဦး၊ ရှားတောမြို့နယ်မှ(၆)ဦး၊ ဖားဆောင်းမြို့နယ်မှ(၅)ဦးတို့ဖြစ်ကြပြီး ကယားပြည်နယ် အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ရေသန့်စုစုပေါင်းတန်ဖိုးကျပ်(၅၃၆,၄၀ဝ)ကျပ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရိက္ခာဖိုးငွေ (၁,၀၉၇,၄၀ဝ)ကျပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုထောက်ပံ့ငွေ၊ ဆန်ရိက္ခာ(၁)လစာ၊ လမ်းခရီးစားစရိတ်ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း စုစုပေါင်း တန်ဖိုးကျပ် (၅,၂၃၁,၂၄ဝ) ကျပ်၊ ကြက်ခြေနီတပ်ဖွဲ့မှ Family kit ၊ Shelter kit နှင့် PG kit၊ NRC အဖွဲ့မှ အိမ်သုံးပစ္စည်းများ၊ UNHCR မှ မုန့်နှင့်အစားအစာများ၊ UNICEF မှ စာရေးကိရိယာ(၃၁)စုံ တို့ကို တာဝန်ရှိသူအသီးသီးတို့က လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝင်ရောက်လာသူများအား စိစစ်စာရင်းပြုစုခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုပေးစစ်ဆေးခြင်း၊ ပညာရေးဌာနမှ ကျောင်းနေအရွယ်များအား သက်ဆိုင်ရာ အတန်းပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် စိစစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။