
=================================================
Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် နွေရာသီ၌ သောက်သုံးရေရှားပါးမှုကြုံတွေ့ရသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းတောင်းကျေးရွာနှင့် ဒညင်းကုန်းကျေးရွာများအတွက် သောက်သုံးရေအခက်အခဲမရှိစေရန် စက်ရေတွင်းနှင့် ရေစင်များဖွင့်လှစ်ပေးသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာရပ်မိရပ်ဖများ၊ စက်ရေတွင်းတူးဖော်ရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျေးရွာ (၁) ရွာလျှင် ထောက်ပံ့ငွေ (၇,၈၀၀,၀၀ဝ) ကျပ်တိတိဖြင့် ကျေးရွာ (၂) ရွာအတွက် (၁၅,၆၀၀,၀၀ဝ) ကျပ်တိတိကို ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။