ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များ ကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ လွတ်လပ်ရေး အရှည်တည်တံ့စေရန် လက်ဆင့်ကမ်းတာဝန်ယူရမည့် သူများသည် ယနေ့ကလေးများဖြစ်ကြောင်း၊ မိဘများသိရှိနားလည်းပြီး ကလေးများကို နည်းစနစ်မှန်စွာ ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့နေ့မျိုးတွင် ရှေးဦးအရွယ် ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲများကို ကျင်းပပေးခြင်းဖြင့် ကလေးများ ပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အဆင့်ဆင့် ပြောင်းလဲမှုများကို မိဘများသိရှိနားလည်ပြီး နည်းစနစ်တကျ ဂရုစိုက်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် အနာဂတ်တွင် နိုင်ငံ့အရေးများကို လက်ဆင့်ကမ်းတာဝန်ယူနိုင်မှု သေချာစေ ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံကလေးများနေ့တွင် မိဘများနှင့်မိသားစုဝင်များက အသိရှိစွာ ဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရှိရပါသဖြင့် ဝမ်းမြောက်ပါကြောင်း၊ အနာဂတ်နိုင်ငံတော် အတွက် ယနေ့ကလေးများကို အလေးထားပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။
ဆက်လက်ပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ မီးဖွားပြီးစမှ ကလေး အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းနှင့် နို့ဖြတ်ပြီး (၆)လ ဖြည့်စွက်စာကျွေးခြင်းနှင့် ပတ်သက်၍ ဒေါက်တာယုဇနစောမြင့် ကလည်းကောင်း၊ ကလေးမီးဖွားပြီးခါစ အချိန်နှင့်နို့တိုက်မိခင် အာဟာရပြည့်ဝရေး ဆောင်ရွက်မှုကို ရင်ခွင့်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာမြသီတာကလည်းကောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးခြင်း ကို ကလေးသူငယ်ဖွံ့ဖြိုးမှုတိုင်းတာစစ်ဆေးခြင်း ပြည်တွင်းပညာရှင် ဒေါ်ခင်မေထွန်းချစ် တို့ကလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကလေးငယ်များ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်စေရန်အသိပညာပေး တေးသီချင်းဖြင့် တေးသံရှင်ဆူမိုနှင့် သမီးငယ် မသူသူဟံသာတို့ကသီဆိုဖျော်ဖြေခြင်း၊ နေပြည်တော်မူလတန်းကြိုကျောင်းများရှိ ရင်သွေးငယ်များက “ထာဝရလမ်းပြကြယ်”၊ “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” သီချင်းများဖြင့် တေးသရုပ် ဖော်ကပြ ဖျော်ဖြေခဲ့ကြပြီး ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေကို တိုင်းတာစစ်ဆေး ခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရကလေးများနှင့်မိခင်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များက ဆုချီးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးတွင် လက်ကို စင်ကြယ်စွာဆေးကြောခြင်း လက်တွေ့သရုပ်ပြမှုများကို ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီ ၁၃၊ နေပြည်တော်
#hl1
#npw_feb2019