ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက ော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွားများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေရခြင်းများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲရှောင်များအတွက် နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိပါသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာ ဆန်ရိက္ခာဘိုးငွေများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆန်ရိက္ခာဖိုးငွေ တစ်လစာ၊ အိမ်ထောင်စုများအလိုက် စောင်များ၊ အခင်းများနှင့် တာပေါ်လင်စများကို အိမ်ထောင်စု (၉၇၀)၊ လူဦးရေ (၄၄၇၀) အတွက် ပြည်နယ်အစိုးရထံသို့အပ်နှံ၍ လက်ဝယ် အရောက်ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ရာ တစ်လခွဲစာရိက္ခာများပေးအပ်ပြီးဖြစ်ပါသည်။ ယနေ့နံနက်ပိုင်းတွင် ထပ်မံ၍ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲရှောင်ဒေသခံပြည်သူ (၄,၇၅၂)ဦး အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ငွေကျပ် (၄၂,၇၆၈,၀၀၀)ကို ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ရွှေအမ်းတောင် ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့်အဖွဲ့ထံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့ပါသည်။ ဤထောက်ပံ့ငွေများကို တိုက်ပွဲရှောင်များ လက်ဝယ်အရောက် ခံစားရရှိနိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းကာ စနစ်တကျစီမံ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အလေးထားဆောင်ရွက်မည်ဖြစ်ရာ ထပ်မံလိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီ ဝန်ဆောင်မှုရှိသော ဖုန်း ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ များသို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရှိရပါသည်။
#hl1
#rke_feb2019