လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr. Ben King ဦးဆောင်သောအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Scot Marciel တို့က ယမန်နေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံခဲ့ပါသည်။
အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များ၊ လူကုန်ကူးတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ် အခွင့်အရေးများအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ Unicef, Save the Children နှင့် IOM အပါအဝင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မိုင်းအန္တရာယ်ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ် ရေးဆွဲဆောင်ရွက် ထားရှိမှုများ၊ ပဋိပက္ခဖြစ်ပွားနေသောဒေသများရှိ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆) ရပ်ကို ကာကွယ် တားဆီးရေးလုပ်ငန်းများ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ASEAN-ERAT အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေး အတွက် အမျိုးသားအဆင့်မူဝါဒချမှတ် ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နယူးဇီလန်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
Mr.Ben King နှင့်အဖွဲ့က ပြန်လည်ဆွေးနွေးရာတွင် မြန်မာအစိုးရနှင့် နယူးဇီလန် အစိုးရတို့သည် ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ဆက်ဆံရေးကောင်း ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ်ပံ့ပိုးကူညီရန် အသင့်ရှိပါ ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် အင်္ဂလိပ်စာတိုးတက်ရေးတို့အတွက် ပညာသင်ဆုများ ပေးအပ်ထောက်ပံ့လျက် ရှိပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ICRC နှင့် ပူးပေါင်း၍ ကျွမ်းကျင်မှုဆိုင်ရာ အကြံဉာဏ်များ၊ သင်တန်းများ ဖွင့်လှစ်ပေးရန် အသင့်ရှိပါကြောင်း၊ မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ မိုင်းရှင်းလင်းရေးစင်တာအတွက် နည်းပညာအထောက်အပံ့ပေးလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများစွာရှိနေသည်ကို မိမိတို့ နားလည်စာနာပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် လူကုန်ကူးတိုက်ဖျက်ရေးဌာနတို့ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ လူကုန်ကူး ခံရသူများအတွက် ပြန်လည်ထူထောင်ရေးအပိုင်းသာမက အလုပ်အကိုင်ရှာဖွေနိုင်ရေးကိစ္စရပ်များ၊ တိုင်းနှင့် ပြည်နယ်အားလုံးတွင် လူထုအခြေပြု မူးယစ်ဆေးဖြတ်စခန်းများ ဖွင့်လှစ်အကောင်အထည်ဖော်ရေးကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_feb2019