အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်

7 Pic 02
=================================================
ဖေဖော်ဝါရီ ၆ ၊ နေပြည်တော်————

(၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူ များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်း ရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre)တို့မှ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။အဆိုပါ ဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေး မှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့် AHA Centreမှ အမှုဆောင်ညွှန်ကြားရေးမှူးအပါအဝင် ကိုယ်စားလှယ်များသည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ နေပြည်တော်နှင့် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့ပြီး ကွင်းဆင်းလေ့လာခြင်း၊ ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centreမှ ကိုယ်စားလှယ်များသည် (၆-၂-၂၀၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ ပါသည်။ တွေ့ဆုံရာ၌ အာဆီယံကိုယ်စားလှယ်များမှ မြန်မာနိုင်ငံနှင့် ညှိနှိုင်းသဘောတူညီမှုအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သော အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT)သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေး စခန်းနှင့် ကြားစခန်းများတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှင့် စပ်လျဉ်း၍ လိုအပ်ချက် ဆန်းစစ် လေ့လာမှုများ ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ ASEAN-ERAT ဆန်းစစ်လေ့လာရေးအဖွဲ့ အသုံးပြုမည့် လိုအပ်ချက် ဆန်းစစ်လေ့လာမှု မေးခွန်းလွှာနှင့် လမ်းညွှန်မှုများအတွက် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းဆင်းလေ့လာရေးအဖွဲ့အတွက် စီမံအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးရမည့်အခြေအနေတို့အား တင်ပြခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်မှလည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သလို ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ပြည်နယ်အစိုးရအနေဖြင့် စနစ်တကျ စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဦးတည်ဆောင်ရွက်ပေးခြင်းထက် ပြည်နယ်တစ်ခုလုံးတိုးတက်ဖွံ့ဖြိုးမှုက သာလွန်အရေးပါသည်ကိုဆွေးနွေးလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက် ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါက ပြည်နယ်အတွင်းနေထိုင်သူအားလုံးအတွက် အကျိုးများစွာရှိမည်ဖြစ်ပြီး မလိုလားအပ်သည့် ပဋိပက္ခများ လျော့ချနိုင်မည်ဖြစ်၍ ဒေသတစ်ခုတည်း မဟုတ်ဘဲ ပြည်နယ်တစ်ခုလုံးအနေဖြင့် လိုအပ်ချက်၊ အာဆီယံမှ ပံ့ပိုးဆောင်ရွက်နိုင်မှုအခြေအနေနှင့် အခွင့်အလမ်းများအား လေ့လာဖော်ထုတ်ပေးစေလိုပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ပညာရှင်များ ပါဝင်ရေးဆွဲထားသည့် ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား ရေးဆွဲထားပြီး ဖြစ်သည့်အတွက် အာဆီယံအနေဖြင့် ပူးပေါင်းပံ့ပိုးပါဝင်စေလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လမ်း၊ တံတား၊ လျှပ်စစ်စသည့်အခြေခံအဆောက်အအုံ မြှင့်တင်မှုများဆောင်ရွက်ထားပြီးဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိပါကြောင်းတို့အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့မှ ကိုယ်စားလှယ်များသည် (၅-၂-၂၀၁၉) ရက်နေ့ကလည်း နေပြည်တော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက် မည့် ကိစ္စများ၊ လိုအပ်ချက် ဆန်းစစ်လေ့လာမှု မေးခွန်းလွှာနှင့် လမ်းညွှန်မှုများအတွက် အသေးစိတ် ဆွေးနွေးခြင်း၊ ASEAN-ERATအဖွဲ့အတွက် လိုအပ်ချက်ဆန်းစစ်လေ့လာမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အကြိုသင်တန်းအား မြန်မာနိုင်ငံတွင် ပို့ချပေးရန် လျာထားစီစဉ်မှုတို့အား အသေးစိတ်ဆွေးနွေး ညှိနှိုင်းခဲ့ ကြပါသည်။

ASEAN နှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အရ မူလဆွေးနွေးညှိနှိုင်းမှု ဖြစ်သည့် ပြန်လည် လက်ခံရေးစခန်း (၂)ခုနှင့် ကြားစခန်းတွင် ASEAN – ERAT အဖွဲ့ ကွင်းဆ    င်းဆောင်ရွက်ရေးကိစ္စကို လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events