ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး တက်ရောက်

6 Pic_01

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်မှုပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို (၃-၇-၁၉၉၆)တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတို့ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအစိုးရလက်ထက် တွင် ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့မှစ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအမည်ကို “မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ” ဟု အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသမီးများအရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ယက်၊ အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက်နှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ကို ထပ်မံထည့်သွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဤအမျိုးသမီးအဖွဲ့(၇)ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ (၄၇/၂၀၁၈)ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည် မူဝါဒ (၄) ရပ်ဖြစ်သော အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိစေရေးအတွက် ပြဌာန်း ထားသော ဥပဒေများ ထိရောက်မှုရှိစေရေးနှင့် လိုအပ်သော ဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရေး အကြုံပြု ဆောင်ရွက်ရန်၊ အမျိုးသမီးများအပေါ် နည်းအမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှု များပေးရန်၊ အမျိူးသမီးများအား မိမိကိုယ်မိမိ ကာကွယ်ပေးထားသော ဥပဒေများ နားလည်လာစေရေးနှင့်  ဗဟုသုတများပြည့်စုံစေရေးအတွက် ဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂက ချမှတ်ပေးထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်ထည်ဖော်ဆောက်ရွက်ရန်တို့ကို ချမှတ်ထားပြီး လုပ်ငန်းစဉ် (၁၂) ရပ်ကို တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW (National Strategic Plan for Advancement of Women) ကို ရေးဆွဲထားပြီး ဖြစ်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့နှင့်လည်း ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ အမျိုးသမီးကော်မတီများတွင် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးဝန်ကြီးများသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အမျိုးသမီးကော်မတီများ၏ ဥက္ကဌများ ဖြစ်၍ အမျိုးသမီးများအရေးတွင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး ကော်မတီ၏ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတို့ဖြင့် ချိတ်ဆက်ဆောင် ရွက်မှုများကို ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော သက်ဆိုင်ရာအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာများက ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_feb2019

 

Sign Up

Upcoming Events