
=================================================
ဖေဖေါ်ဝါရီလ ၃၊ ကျောက်တံခါး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် (၃-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ရဲနွယ်ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် ဆင်ကူး – မိကျောင်းကူး တံတားနှင့် ကဒါးသဲကျော – ဝက်လူးအိုင် ကျေးရွာများသို့ ဆက်သွယ်ထားသော သစ်သားတံတားများပြန်လည်တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုခဲ့ပါသည်။
၂၀၁၈ ခုနှစ် သြဂုတ်လ၊ မိုးရာသီကာလအတွင်း ရဲနွယ်ချောင်းရေလျှံတက်ပြီး ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် အဆိုပါတံတားများသည် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းကူးတံတားများဖြစ်၍ ပတ်ဝန်ကျင်ဒေသရှိပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ သွာလာမှုအတွက်အခက်အခဲများဖြစ်ေစေခဲ့ပြီး ယခုအခါ တံတားသစ်များ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ ဤတံတားများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်မှု ထောက်ပံ့ငွေများဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများဖြစ်သော ကျေးရွာသူ/ ကျေးရွာသား ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းအဖွဲ့များက အစိုးရဌာနဆိုင်ရာများနှင့် တက်ကြွစွာပူးပေါင်းပါဝင်မှုကြောင့် ပိုမို ကောင်းမွန်ခိုင်ခံ့သည့် တံတားများတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ရာ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှု၏ ရလဒ်များဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စည်ပင်ကျေးရွာရှိ တည်ဆောက်စဲ ကျေးလက်ဆေးပေးခန်းကို ကြည့်ရှုခဲ့ပြီး ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများကို အားပေးစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏ လိုအပ်ချက်တင်ပြမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သောက်သုံးရေရှားပါနေသော အောင်းကြီးကျေးရွာ၌ အလှူရှင်များက စက်ရေတွင်းတူးဖေါ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး တွေ့ဆုံအားပေးစကားပြောကြားရာတွင် ယခုအခါ မိုးလေသပညာရှင်များ၏ ပြောကြား ချက်အရ အယ်နီညိုရာသီဥတု ဖြစ်ပြီး ပူပြင်းခြောက်သွေ့၍ သောက်သုံးရေရှားပါးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ရေချိုကြိုတင်စုဆောင်းခြင်းနှင့် သောက်သုံးရေရှားပါးမှုကို ကြိုတင် ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရေချိုရှားပါးသည့် အောင်းကြီးကျေးရွာအုပ်စု အတွင်း ယခုကဲ့သို့ပြည်သူများ၏ပါဝင်လှူဒါန်းမှု၊ ဒေသခံများ၏ ကြိုးစားအားထုတ် မှုကြောင့် ရေချိုစက်ရေတွင်းတစ်ခုပေါ်ပေါက်လာသဖြင့် ကျေးဇူးတင် ဝမ်းသာရပါကြောင်း ဖြင့်ပြောကြားခဲ့ပြီး အနီးပတ်ဝန်းကျင်းရှိ ကျေးရွာပြည်သူလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွားရှိ အခြေခံပညာအလယ်တန်းကျောင်း၌ကျင်းပသော ကျောက်တံခါး မြို့နယ်အတွင်းရှိ မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူ၊ ပြည်သားများအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေးများဖေါ်ဆောင်၍ အကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနက လူမှုကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ လူတစ်ဦးချင်း စီ၏ စောင့်ရှောက်မှု၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးဦးအရွယ် ကလေးသူငယ် ကာလမှ စတင်ဆောင်ရွက်ရပါကြောင်း၊ ရှေးဦးကလေးသူငယ်များသည် သင်ကြားရန် အလွယ်ကူဆုံးအချိန်ဖြစ်ပြီး လျင်မြန်စွာသိတတ်လွယ်ပါကြောင်း၊ ငယ်စဉ်ဘဝကပင် ကိုယ်စီတာဝန်ယူတတ်သည့် အလေ့အကျင့်ကောင်းများကို သင်ယူခွင့်ရရှိမှသာ အနာဂတ် ဘဝတွင် စနစ်ကျသော နိုင်ငံသားကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အတွက်လည်း ပိုမိုကောင်းမွန်သည့် ထောက်ပံ့မှုအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားပြီး ကလေးငယ်များနှင့်အတူ အမှိုက်စနစ်တကျစွန့်ပစ်ခြင်း သရုပ်ပြသမှုတွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောက်တံခါးမြို့နယ်အတွင်းရှိ မသန်စွမ်း (၂,၄၇၂)ဦး အတွက် ထောက်ပံ့ငွေကျပ် (၇၄,၁၆၀,၀၀၀)၊ မိခင်ဝိုင်း(၅)ဖွင့်လှစ်ရန် အတွက် ထောက်ပံ့ငွေကျပ် (၈၅၀,၀၀၀) တို့ကိုထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌဦးကြည်ဇင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေ များကို ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က လက်ဝယ်အရောက်ထောက်ပံ့ခြင်း၊ ကလေးငယ်များအတွက် အာဟာရမုန့်နှင့် ကစားစရာအရုပ်များပေးဝေခဲ့ကြပါသည်။ ထို့နောက် တောင်ခင်ကျေးရွာရှိ သားငယ်သမီးငယ်များက တေးသီချင်းဖြင့် တင်ဆက် ကပြခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲနွယ်ကုန်းမြို့သို့ရောက်ရှိပြီး တုံကန်ချောင်းရေတိုက်စားမှုကြောင့် ပဲနွယ်ကုန်းမြို့ပေါ်ရပ်ကွက်များသို့ ကမ်းပါးပြိုကျမှု အခြေအနေ၊ မိုးမခကျေးရွာရှိ ပျက်စီးယိုယွင်းနေသော ကုန်ထုတ် ကျေးရွာချင်းဆက် ချောင်းကူးတံတားပြန်လည်တည်ဆောက်နိုင်မည့်အခြေအနေနှင့် ကိုယ့်အားကိုယ်ကိုး မိုးမခရေလည် ပရဟိတဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။