ဇန်နဝါရီလ ၂၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မလေးရှားနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံနှင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စများတွင် မလေးရှားနိုင်ငံရှိ INGOအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ စိတ်အားထက်သန်လျက်ရှိကြောင်း ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံခြေစိုက် INGOအဖွဲ့များ၊ လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများအတွက် UEHRD ကို ဖွဲ့စည်းထားရှိပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC နှင့် IFRC တို့ပူးပေါင်း ၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းကို ဝန်ကြီးဌာနနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအခြေစိုက် AHA Center နှင့်လည်း ချိတ်ဆက် ဆောင်ရွက် နေပါကြောင်း ဆွေးနွေးခဲ့ကြရာ မလေးရှားနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း မလေးရှား နိုင်ငံမှကုမ္ပဏီများ အနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ Myanmar Investment Summit ကို လည်း ကြိုဆိုထောက်ခံပါကြောင်းနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင်ပြုလုပ်မည့် Rakhine Investment Fair ကိုလည်း သံရုံးမှ စီးပွားရေးတာဝန်ခံက တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019