ဇန်နဝါရီ ၂၇၊ သံတွဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သံတွဲမြို့မှ တောင်ကုတ်မြို့သို့သွားရောက်ပြီး သံတွဲမြို့၊ ဗောဓျာရာမ ကျောင်းတိုက် ရှိ ဆရာတော်ကြီးများအားဖူးမျှော်၍ သင်္ကန်းနှင့်အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ခန်းမ၌ တောင်ကုတ်မြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့်မိခင်ဝိုင်းများကို ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း(၇)ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄,၉၀၀,၀၀၀) – လေးဆယ့် ကိုးသိန်း၊ ရွှေမေတ္တာဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၄,၈၆၆,၀၀၀) – လေးဆယ့် ရှစ်သိန်း ခြောက်သောင်း ခြောက်ထောင်၊ မိခင်ဝိုင်း(၃)ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁,၂၆၀,၀၀၀) – တစ်ဆယ့် နှစ်သိန်း ခြောက်သောင်းနှင့် ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဘေကျေးရွာရှိ ပုဇွန်၊ ဂဏန်း မွေးမြူရေးကန်သို့ ကြည့်ရှုလေ့လာပြီး အနီးပတ်ဝန်းကျင်းရှိ လုပ်ငန်းခွင်ဝင် ကျေးရွာသူ၊ ကျေးရွာသားများအား တွေ့ဆုံ နှုတ်ဆက်၍ ၎င်းတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျန်းမာ ရေး၊ ပညာရေး ကိစ္စများကို လိုအပ်သလိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ကျင်းပသော သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး မေတ္တာဝတီဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ ကျပ် (၅,၉၆၁,၀၀၀)- ငါးဆယ့်ကိုးသိန်း ခြောက်သောင်း တစ်ထောင်၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀၀) – ဆယ့်လေးသိန်း၊ မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ( ၃,၀၇၈,၁၀၀) – သိန်းသုံးဆယ် ခုနှစ်သောင်းရှစ်ထောင့်တစ်ရာ နှင့် ကလေးငယ်များ အတွက် ကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ကြပါသည်။ ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များ၊ မြို့မိ မြို့ဖများ၊ ကလေးသူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လုပ်ငန်း ကော်မတီများဖွဲ့စည်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို တန်းတူညီမျှရရှိခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံံခြင်းအစီအစဉ်နှင့်အတူ အာဟာရကျန်းမာရေးပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးခြင်း တို့ကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းကလေးငယ်များ ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန် နှင့်ဦးနှောက်ဖွံ့ဖြိုးစေရန် ရှေးဦးအရွယ် ကလေးသူငယ်များပြုစုစောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်သည့် အလေ့ကျင့်ကောင်းများကို လမ်းစလျှောက်တတ်စ အရွယ်များမှစတင်သင်ကြားပေး၍ရပါကြောင်း၊ ရှေးဦးအရွယ်ကလေးငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ပေးခြင်းသည် အနာဂါတ်နိုင်ငံအတွက် အကျိုးအမြတ်သေချာသည့် ရင်းနှီး မြုပ်နှံမှုတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များသည် တိုင်းဒေသကြီး/ ပြည်နယ်များအသီးသီးရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း အိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုခဲ့ပါသည်။ ထို့နောက် သံတွဲမြို့၊ မြို့မဝေဠုဝန် ကျောင်းတိုက် ရှိ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုတို့ကို လျှောက်ထားပြီး သင်္ကန်နှင့်အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြ ပါသည်။
ယနေ့ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်နှင့်သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး ထောက်ပံ့ငွေကျပ် စုစုပေါင်းမှာ (၂၁,၄၆၅,၁၀၀)- နှစ်ရာတစ်ဆယ့်လေးသိန်း ခြောက်သောင်း ငါးထောင့်တစ်ရာ ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#rke_jan2019