ဇန်နဝါရီ ၂၃၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနံက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုရသစ်လက်ထက်မှစ၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေပွဲမှာ သာမန်အားဖြင့် သေးငယ်သော အလုပ်ရုံဆွေးနွေးပွဲဟု တွေးကောင်းတွေးနိုင်သော်လည်း ကောင်းမွန်သော စနစ်တခု အောင်မြင်လာစေရေး ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့်အတွက် ရည်ရွယ်ချက်မှာ အလွန်ကြီးမားပါကြောင်း၊ စနစ်တစ်ခုအောင်မြင်မှုရရန် ဆွေးနွေးပွဲများတွင် အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်းဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲပြီးဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ (၈)ချက်မှ ထိရောက်သော ငွေကြေးထောက်ပံ့မှု ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည် ကဏ္ဍမှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အားနည်းပါးသည့် အတွက်ကြောင့် အခြေခံအင်အားဖြစ်သော ပြည်သူနှင့်အနီးစပ်ဆုံး ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအပြင် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ငွေကြေးထောက်ပံ့မှုများအတွက် မှန်ကန်သော စာရင်းဇယားနှင့် ကိန်းဂဏန်းများရရှိရန်အတွက် အခက်အခဲများရှိနေပါသဖြင့် တစ်လတစ်ခါ ထောက်ပံ့ပေးရမည့် လူမှုရေးပင်စင်များကို နှစ်လတစ်ခါ ပေးအပ်နေရကြောင်း၊ ထိုကဲ့သို့ နှောင်နှေးကြန့်ကြာမှုမျိုး မဖြစ်အောင်ကြိုးစား ဆောင်ရွက်နေမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ Electronic Cash Transfer စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အတွေ့အကြုံများကို နမူနာယူပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသောသူများက မိမိတို့၏ အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ မှ ၂၄ ရက်နေ့ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
Source: MSWRR
#hl1
#npw_jan2019