လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပမှုသတင်း

 

ဇန်နဝါရီ ၂၃၊ နေပြည်တော်
လူမှုကာကွယ်စောင့်ရှောက်ရေးငွေဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရုံးအမှတ်၂၃၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သော လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ကာလရှည်မျှော်မှန်းချက်ဖြစ်သော ငြိမ်းချမ်း၍သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ဝန်ကြီးဌာနတစ်ခုတည်းက အကောင်အထည်ဖော် ဆောင်ရွက်လို့ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများကပါ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် သဘောသဘာဝ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပေါင်းစပ်ညှိနှိုင်းခြင်းသည် အလွန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကာလရှည်မျှော်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ အထူးအရေးပါသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုများသော လူ့အသိုင်းအဝန်းအတွင်း သာတူညီမျှ ရှိစေရေးကို ဦးတည်ပြီး ဘဏ္ဍာငွေအရင်း အမြစ်များကို လိုအပ်သောနေရာမှာ စနစ်တကျ မျှဝေအသုံးချသောစနစ်ကိုလည်း ဖေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသူ/ နိုင်ငံသား တစ်ဦးချင်း လူမှုကာကွယ် စောင့်ရှောက်မှုရရှိစေရန် ဦးတည်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက် သွားဖို့လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ပြီး အစည်းအဝေးကို မွန်လွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

Source: MSWRR

#hl1

#npw_jan2019

Sign Up

Upcoming Events