နေပြည်တော်၊ ဇန်နဝါရီ ၂၁
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီကို သမ္မတရုံး၏ (၉/၂၀၁၉) အမိန့်ကြေငြာစာဖြင့် ဇန်နဝါရီလ၊ ၇ ရက်၊ ၂၀၁၉ ခုနှစ်က စတင် ဖွဲ့စည်းပေးခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လက်နက်ကိုင်ပဋိပက္ခအတွင်းကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီဖွဲ့စည်းရခြင်း အဓိကအကြောင်းအရင်းမှာ မြန်မာ နိုင်ငံသည် လက်နက်ကိုင်ပဋိက္ခများဖြစ်ပွားဆဲနိုင်ငံဖြစ်ပြီး ကလေးသူငယ်များကို ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေးများကျင်းပခြင်းဖြင့် အကောင်ထည်ဖေါ်လျက် ရှိပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) တွင် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် (၇) ချက် ရရှိရာ ကလေးသူငယ်အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု(၆)ချက် (Six Grave Violations) ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန်ဟူသော အချက်ပါဝင်ကြောင်း၊ ၁၉၉၃ ခုနှစ်မှာ ပြဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကလေးသူငယ်ဥပဒေကို ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအဖြစ်အသစ်ပြန်လည်ပြင်ဆင်ရေးသားခဲ့ပြီး အတည်ပြုရန်အတွက် လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက် မကြာမီအတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေ အသစ် အခန်း(၁၇)တွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ်အား ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပက်သတ်၍ ထည့်သွင်းဖေါ်ပြထားရှိကြောင်း၊ ယခုဖွဲ့စည်းသော ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၁၀) ရပ်အား အကောင်ထည်ဖေါ်ရမည်ဖြစ်ရာ အဆိုပါ သဘောတူညီချက်များ၊ ဥပဒေပါပြဌာန်းချက်များအပြင် နိုင်ငံတော်၏မူဝါဒ၊ နိုင်ငံတကာ ပြဌာန်းချက်များ၊ စံညွှန်း များနှင့် ကိုက်ညီသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖေါ်မည်ဖြစ်ပြီး ကော်မတီ၏ ဆောင်ရွက် ချက်များကို မီဒီယာတွင် အများပြည်သူနှင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲရန် ကော်မတီဝင်များ၊ အစည်းဝေး တက်ရောက် လာသူများက အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှု (၆) ရပ်အား ရှင်းလင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှ အမြဲတန်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးချက်များအရ ကော်မတီ၏လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လုပ်ငန်းစီမံချက်များရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်နှင့် ညှိနှိုင်းအစည်း အဝေးများကို (၂) လ တစ်ကြိမ် ပုံမှန်ကျင်းပရန်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်သော UNICEF ၊ UNDP အဖွဲ့အစည်းများအပါအဝင် Country Task Force for Monitoring and Reporting – CTFMR နှင့် ထိရောက်စွာ ဆွေးနွေးပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019