=================================================
ဟင်္သာတ၊ ဇန်နဝါရီ ၁၉———————-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ရုံနှင့် ဘေးဒဏ်ခံအဆောက်အဦများ ကြည့်ရှုုခြင်း၊ ဟင်္သာတခရိုင်ရှိမြို့နယ်များနှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
(၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ရုံသို့ ရောက်ရှိကြပြီး ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၁၇ -၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးများကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ထောက်ပံ့ပေးခဲ့သည့်လုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရသလို ပြန်လည်ထူထောင် ရေးလုပ်ငန်းသည်လည်း အရေးကြီးကြောင်း၊ ထို့အတွက် ကမ်းပြိုဘေး၊ လေဘေးများကြောင့် နေအိမ်များ ရွှေ့ပြောင်းရခြင်း၊ ပျက်စီးခြင်းများအတွက် ငွေကြေးထောက်ပံ့မှုအပြင် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသော ဟင်္သာတခရိုင်မြို့နယ်များ အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ အစိုးရအနေဖြင့် ပြည်သူများ အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကို အသစ်ဖေါ်ဆောင်ခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်းများဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ထောက်ပံ့မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မျှမျှတတရှိအောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ရန် ခက်ခဲပါကြောင်း၊ ဝန်ကြီးဌာန၏ ဘတ်ဂျတ်ရန်ပုံငွေ ခွဲဝေရရှိမှုအရ တိုင်းဒေသကြီး/ ပြည်နယ်၊ခရိုင်၊ မြို့နယ်များအလိုက် မဟာဗျူဟာရေးဆွဲပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်ရာ ကျန်ရှိနေသေးသောဒေသများအတွက်လည်း ဆက်တိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် ထောက်ပံ့မှုပြုရာတွင် မသန်စွမ်းမှုအလိုက်အဆင့်ခွဲခြားပြီးပါက တစ်နိုင်ငံလုံးစနစ်တကျ ဆက်လက်ထောက်ပံ့နိုင်ရန် အစီအစဉ်များလည်း ချမှတ်ထားပါကြောင်း၊ ရှေးဦးအရွယ်ကလေးများအတွက်လည်း ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ် ပုံမှန်ကြီးထွားနိုင်ရန် စနစ်တကျ ပြုစုပျိုးထောင်ရေး မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနေဖြင့် မူလတန်း ကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသလို ကလေးသူငယ်အခွင့်အရေး ဥပဒေကိုလည်း မကြာမီ အတည်ပြုနိုင်တော့မည်ဖြစ်ပြီး ရင်ခွင်မဲ့ကလေးများနှင့် ပြုစု စောင့်ရှောက်ရန်လိုအပ်သော ကလေးများအတွက် စနစ်တကျဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ငွေများပေးအပ်ရာ ဟင်္သာတ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၅,၉၆၁,၀၀၀) – ငါးဆယ့်ကိုးသိန်းခြောက်သောင်း တစ်ထောင်၊ ဇလွန်မြို့နယ်သပြုကွင်း ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်( ၇,၄၀၁,၀၀၀) – ခုနှစ်ဆယ့်လေးသိန်းတစ်ထောင်၊ လေးမျက်နှာမြို့နယ် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေ ကျပ်(၉,၁၆၅,၀၀၀)- ကိုးဆယ့်တစ်သိန်းခြောက်သောင်းငါးထောင်၊ မြန်အောင် ပရဟိတအဖွဲ့ အတွက် ထောက်ပံ့ငွေကျပ် (၃၂,၅၃၈,၀၀၀) -သုံးရာနှစ်ဆယ့်ငါးသိန်း သုံးသောင်းရှစ်ထောင်၊ ကြံခင်း မျောက်ချောကုန်းပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်(၁၅,၄၈၆,၀၀၀) – တစ်ရာငါးဆယ့်လေးသိန်းရှစ်သောင်းခြောက်ထောင်၊ ကြံခင်းမေတ္တာရှင်ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ( ၂,၂၁၄,၀၀၀) – နှစ်ဆယ့်နှစ်သိန်းတစ်သောင်းလေးထောင်၊ ဇလွန် မဟာနာဂဝံသ လူငယ်ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်(၂,၇၅၄,၀၀၀) – နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်းလေးထောင်၊ မြန်အောင် စေတနာမူ ညကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၃၃၅,၀၀၀) – သုံးသိန်းသုံးသောင်းငါးထောင်တို့ကို ထောက်ပံ့ခဲ့ပြီး ဟင်္သာတမြို့၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၄,၄၆၁)ဦး အတွက် ထောက်ပံ့ငွေကျပ် (၁၃၃,၅၆၀,၀၀၀) – တစ်ထောင်သုံးရာ သုံးဆယ့်ငါးသိန်း ခြောက်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၈၅၀,၀၀၀) – ရှစ်သိန်းငါးသောင်း ဟသာၤတခရိုင်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆၉၂၇)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၂၀၇၈၁၀,၀၀၀) -သိန်းနှစ်ထောင့် ခုနှစ်ဆယ့်ရှစ်သိန်းတစ်သောင်းတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းများ ပိုမိုထိရောက်စေရန် နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် အထောင်မြို့ရှိ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည့် သာမန်အချိန်တွင် မူလတန်းကြိုကျောင်းအဖြစ်လည်းကောင်း ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခိုလှုံရာ အဆောက် အဦအဖြစ်လည်ကောင်း အသုံးပြုနိုင်သည့် School Cum Shelter တည်ဆောက်ပြီစီးမှုကို ကြည့်ရှုခြင်း၊ အပင်နှစ်ဆယ်ကျေးရွာရှိ သာမန်အချိန်တွင် မူလတန်းကျောင်းအဖြစ်လည်းကောင်း ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခိုလှုံရာအဆောက်အဦအဖြစ်လည်ကောင်း အဖြစ်အသုံးပြုနိုင် သည့် School Cum Shelter ဆောက်လုပ်နေမှုကိုကြည့်ရှုခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ မြို့တော်ခန်းမ၌ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅၇၉)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၁၇ ၃၇၀,၀၀၀) – တစ်ရာခုနှစ်ဆယ့်သုံးသိန်းခုနှစ်သောင်း၊ မသန်စွမ်းသူ (၈၃၂)ဦး အတွက် ထောက်ပံ့ငွေကျပ် (၂၄,၉၆၀,၀၀၀) – နှစ်ရာလေးဆယ့်ကိုးသိန်းခြောက်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေ (၈၇၅,၀၀၀) – ရှစ်သိန်းခုနှစ်သောင်းငါးထောင် တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
(၁၉-၁-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကျောင်းကုန်းမြို့နယ်အတွင်း ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (၄၆၁,၅၄၉,၀၀၀)- (လေးထောင့်ခြောက်ရာတစ်ဆယ့်ငါးသိန်းလေးသောင်းကိုးထောင်) ဖြစ်ကြောင်း သတင်းရရှိပါသည်။