ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား များ (ရေမဆေးကျောက်သမားများအပါအဝင်)၏ လူမှုစီးပွားဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ (၄-၁၀-၂၀၁၈) ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၁၈) နှင့် (၁၀၀/၂၀၁၈)တို့ဖြင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်း တာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပါကြောင်း၊
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့လုပ်ငန်းအဖွဲ့၏ ညှိနှိုင်းအစည်း အဝေး (၁/၂၀၁၈)အား (၃၀.၁၀.၂၀၁၈)ရက်နေ့ တွင် ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထိုအစည်းအဝေးမှာပင် ပေါင်းစပ်၍ အဖြေထုတ် နိုင်ခဲ့ကြပါကြောင်း၊ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ အနေဖြင့် ဆောင်ရွက်ရန် လုပ်ငန်း(၁၁)ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အဆင့်/ ပြည်နယ်အစိုးရ/ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်/ အရပ်ဘက်အဖွဲ့အစည်း များတို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊
လုပ်ဆောင်နေမှုများ/ တိုးတက်မှု အစီရင်ခံစာကို အစိုးရအဖွဲ့ရုံးသို့ နှစ်လတစ်ကြိမ် တင်ပြသွားရမည်ဖြစ်၍ လုပ်ငန်းတိုးတက်မှုများကို လုပ်ငန်းအဖွဲ့သို့ နှစ်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာတင်ပြ သွားရန်လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း အကြံပေးဆွေးနွေးကြပါရန် အဖွင့်စကားပြောကြားပါသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ခွဲ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းမှ ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ပြန်လည်ထူထော င်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ၏ အဖွဲ့ဝင်ကိုယ်စားလှယ်များမှ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဌာနဆိုင်ရာအသီးသီး ပူးပေါင်း အကောင် အထည်ဖော်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_jan2019
Source: MSWRR