ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီးMs. Toshiko Abeနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့်ပန်းတောပြင်(အလယ်)ရွာတို့သို့ လိုက်လံ ကြည့်ရှု

16 Pic_02 16 Pic_03စစ်တွေ ဇန်နဝါရီ ၁၅

ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abeနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်ကျေးရွာတို့သို့ လိုက်လံ ကြည့်ရှုသည်။

ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် မွန်းလွဲ (၁) နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းငွေဖြင့် နေအိမ်များတည်ဆောက်နေမှုအား ကြည့်ရှုရာ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် နေအိမ်များ စတင်တည်ဆောက်နေမှုနှင့် နေအိမ်များတည်ဆောက်ရန် မြေကြီးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း တောင်ကျေးရွာတွင် သံဖရိန်ဖြင့် လူနေအိမ် (၅၁)လုံး၊ အိုးထိန်းကျေးရွာတွင် အလုံး (၅၀)တို့နှင့် ကျေးရွာတစ်ရွာစီတွင် Community Hall တစ်ခုစီကိုပါ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများသည် လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြားစခန်း၌ ယာယီအိပ်ဆောင်များ၊ လုံခြုံရေးအဆောင်၊ ဆေးခန်း၊ စားသောက်ဆောင်၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ ရိက္ခာနှင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် ကြားစခန်းရှိဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဒုတိယဝန်ကြီးများသည် ရွှေဇားကျေးရွာသို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးက အစ္စလာမ်ဘာသာဝင်ကလေးငယ်များ စာသင်နေမှုနှင့် ရွှေဇားကျေးရွာတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား များ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအား တွေ့ဆုံပြီး သိလိုသည်များကို မေးမြန်းကာ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ် အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် မောင်တောမြို့ ပန်းတောပြင်(အလယ်)ရွာသို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံအစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ပူးပေါင်း၍ ပန်းတောပြင်ကျေးရွာအပါအဝင် ကျေးရွာ (၁၂) ရွာ တို့တွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအတွက် စားနပ်ရိက္ခာများ ဖြန့်ဝေမှုများကိုကြည့်ရှုပြီး ကျေးရွာနေ အစ္စလာမ်ဘာသာဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် ညနေပိုင်းတွင် မောင်တောမြို့မှစစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး စစ်တွေမြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သိ့ု့ ပြန်လည်ရောက်ရှိကြသည်။

#hl2

#rke_jan2019

Sign Up

Upcoming Events