ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊ နားမကြားသောကလေးများကျောင်းအတွက် အလှူငွေလက်ခံခြင်းနှင့် တံတားဦးမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း

မန္တလေး၊ ဇန်နဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး သည် မန္တလေးမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းရှိ သင်တန်းသား များအား တွေ့ဆုံအားပေးခြင်း၊ နားမကြားသောကလေးများကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း နှင့် တံတာဦးမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းသို့ရောက်ရှိကြရာ တာဝန်ရှိတစ်ဦးက စခန်း၏ ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းရှိ သင်တန်းသားများအားတွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးသင်တန်းများပိုမိုထိရောက်အကျိုးရှိစေရန် သင်တန်းကာလကို တိုးမြှင့်လေ့ကျင့် ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်စစ်ဆေးကုသပေးနိုင်ရေး၊ မူးယစ်သံသရာပြန်မလည်စေရန် မိသားစုနှင့် ပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ပေးနိုင် ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ မန်းတောင်ခြေဘိုးဘွားရိပ်သာသို့သွားရောက်ပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် (၁၁၅.၄၇) သိန်း-တစ်ရာတစ်ဆယ့်ငါးသိန်းလေးသောင်း ခုနှစ်ထောင်၊ ဘိုးဘွားများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရမုန့်များ လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ Kyoshin Co.,Ltd, Kyoto, Japan က အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အဖြစ် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၏ ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်ပေးနိုင်လျှင် နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာအထောက်အကူပြုပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ပံ့ပိုးမှုကို အလေးထားပါကြောင်း၊ ယနေ့ KyoShin Company က မန္တလေးမြို့ နားမကြားသောကလေးများကျောင်းသို့ လှူဒါန်းပေးခြင်း သည် (၂၁) ကြိမ်မြောက်ဖြစ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးတွင် မသန် သော်လည်း စွမ်းနိုင်သမျှ စွမ်းနိုင်အောင် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းရှိ ကလေးငယ်များ၏ လေ့ကျင့်သင်ယူမှုများအတွက် ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ Kyoshin Company ၊ Chairman , Mr. Sadaaki Tachiki က နှစ်စဉ်အလှူငွေများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး အလှူငွေ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) အားပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ကလက်ခံ ရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် နားမကြားသောကလေးများ ကျောင်းရှိ သားငယ်/ သမီးငယ် များက မြန်မာ့ရိုးရာအကများဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးမြို့နယ်၊ ငါးဇင်ရိုင်းကျေးရွာ တွင် ကျင်းပသော စကားအင်းကျေးရွာ၊ ပန်ယျကျေးရွာနှင့် ငါးဇင်ရိုင်းကျေးရွားများ အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန် စွမ်းများအားထောက်ပံံ့ခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာအသိပညာပေးခြင်းနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့ခြင်းအခမ်းအနားသို့ သွားရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်များကို ပြုစုစောင့် ရှောက်ခြင်းသည် ၎င်းတို့၏တစ်သက်တာလုံးအတွက် ဦးနှောက်ဖွံ့ဖြိုးမှုရရှိစေပြီး အနာဂတ်တွင် မိသားစု၊ ပတ်ဝန်းကျင်နှင့် မိမိနိုင်ငံအတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့ပေးလျက်ရှိပါကြောင်းနှင့် သက်ကြီးဘိုးဘွားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးပင်စင်အဖြစ်လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော အသက် (၈၅) နှစ်နှင့် အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခြင်း၊ အသက် (၈၅) နှစ်နှင့် အထက် ဘိုးဘွား (၆၉၄) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၂၀,၈၂၀,၀၀၀ ) – နှစ်ရာ့ရှစ်သိန်းနှစ်သောင်း၊ မသန်စွမ်း (၃၂၀) ဦးအတွက် ထောက်ပံ့ငွေကျပ် (၉,၆၀၀,၀၀၀) – ကိုးဆယ့်ခြောက်သိန်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ ငွေကျပ် (၂,၅၀၈,၁၀၀) – နှစ်ဆယ့်ငါးသိန်းရှစ်ထောင့်တစ်ရာ၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့် များပေးဝေခဲ့ရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#mdy_jan2019

Sign Up

Upcoming Events