ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မင်းဘူးမြို့နယ်အတွင်းရှိ ကမ်းပါးပြိုကျမှု ဒဏ်ခံစားရသော ပြည်သူများနှင့်တွေ့ ဆုံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း

6_Pic_06
မကွေး၊ ဇန်နဝါရီ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းက မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဒဏ်ခံစားရသော နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မုန်းကျိုးကျေးရွာ များသို့ ရောက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများပြောင်းရွှေ့နေရမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးအတွက်  မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက် နိုင်မည့်အခြေအနေများ ကို ကြည့်ရှုပြီး မင်းဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ၂၀၁၃ ခုနှစ်တွင် အိမ်ခြေ (၂၀၀)၊ အိမ်ထောင်စု (၂၁၁)စု၊ လူဦးရေ (၉၁၂)ဦး ပြောင်းရွှေ့ခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်နှင့် နိဗ္ဗာန်ကျွန်းကျေးရွာရွာသစ်မှာ ပေ(၃၀၀)ခန့်သာ ကွာဝေးတော့သဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ် လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် မြစ်ကမ်းပါးပြိုမှုများသည်    ၂၀၁၆ ခုနှစ်ခန့်မှစ၍ နောက်ပိုင်းတွင် ပိုမိုအဖြစ်များလာသည်ကိုတွေ့ရှိရပြီး ကမ်းပြိုမှုကြောင့် လူ့ အသက်သေဆုံးမှု၊ အိုးအိမ်အဆောက်အဦများ ထိခိုက်ပျက်စီး မှုနည်းပါးသော်လည်း စိုက်ပျိုးမြေများ၊ ရွာမြေများ တိုက်စားပါရှိသွားခြင်းကြောင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ  ပျက်စီးဆုံးရှုံးခြင်း၊  ပြည်သူလူထု၏ မြေယာအိုးအိမ် ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကမ်းပြိုမှုဖြစ်စဉ်များအရ တိုင်းဒေသကြီး/  ပြည်နယ်(၁၂)ခုတို့တွင် ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း(၁၃၀၀၀)ခန့်ကို ရွှေ့ပြောင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

မြစ်ကြောင်းအနေဖြင့်ကြည့်ပါက ဧရာဝတီမြစ်ကြောင်းတလျောက် အများဆုံးဖြစ်ခဲ့သည်ကိုတွေ့ရှိရပြီး ကမ်းပြိုမှုကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပိုမိုအလေးပေးဆောင်ရွက်ရန် လိုအပ်လာသည်ကို တွေ့ရှိရပါသည်။ ကမ်းပြိုဘေးကာကွယ်ရေးဆောင်ရွက်ရာတွင် မြစ်ကမ်းပါးများ၌ သစ်ပင်များ စိုက်ပျိုးခြင်း၊ ကျောက်စီမြေထိန်းနံရံများပြုလုပ်ခြင်း၊ မြစ်ကြောင်းအတွင်း သဲနုန်းများ တူးဖော်ခြင်းစသည်ဖြင့် နည်းပညာ ပိုင်းဆိုင်ရာနှင့် ငွေကြေး ကုန်ကျ မှုများပြားသောလုပ်ငန်းများဖြစ်သော်လည်း သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပါမှ ထိခိုက် ဆုံးရှုံးမှုနည်းပါးပြီး ဘေးဒဏ်ကို ကြံကြံခံနိုင်ရင်ဆိုင်တုံ့ပြန်နိုင်သော ရပ်ရွာဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသော မိသားစု များကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေသကဲ့သို့ ကမ်းပြိုဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယနေ့နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာတွင် လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များဖြစ်သော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လစဉ်လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်း၊ (၆)လအောက် ကလေးငယ်နှင့် မိခင်များအားထောက်ပံ့ခြင်း၊ အမျိုးသမီးဦးဆောင် မိသားစုများအား ထောက်ပံ့ခြင်း၊ မကွေးမြို့နယ်အတွင်းရှိ  အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မိမိဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအားတွေ့ဆုံပြီး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ကြိုးစားကြရန်နှင့် ဝန်ထမ်းများ၏ တင်ပြချက်နှင့် လိုအပ်ချက်များ ကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_ha_rbe

#hl1_otr
#mgy_jan2019
Source:  MSWRR

Sign Up

Upcoming Events