၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်သည့် ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ် (၀၂/၂၀၁၉) အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)၏ အရှေ့တောင်ဘက် မိုင် (၂၇၀) ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် (၃၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီ ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရရှိကြောင်း သိရှိရပါသည်။
၂။ သို့ဖြစ်ရာ မုန်တိုင်း ကုန်းတွင်းသို့ဖြတ်ကျော်ဝင်ရောက်ပါက ထိခိုက်ပျက်စီးမှုလျော့နည်း သက်သာစေရေး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင် မှုများဆောင်ရွက်လျက်ရှိရာ (၃-၁-၂၀၁၉) နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ပြုလုပ်၍ ပြည်သူလူထုသို့ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ရောက်ရှိစေရေး၊ ရပ်ကွက်/ ကျေးရွာအလိုက် အရေးပေါ်ရွှေ့ပြောင်းခိုလှုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ ကူညီရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများနှင့် ရေဆိပ်/လှေဆိပ်၊ ဈေးစသည့် အများပြည်သူ ဝင်ထွက်သွားလာသည့် နေရာများတွင် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင် များဝေငှ အသိပညာပေးခြင်းများကိုဆောင်ရွက်ခဲ့ကာ ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာရှိ Cyclone Shelter ကိုလည်း အရေးပေါ်ခိုလှုံရန်စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် မုန်တိုင်းရွေ့လျားဖြစ်ပေါ်နေမှု အခြေအနေသတင်းများ စဉ်ဆက်မပြတ်ရယူကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
#otr_str
#tny_jan2019