မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ(၂)ရပ်ဖြစ်သော ကျား/မတန်းတူရည်တူရှိမှု မြှင့်တင်ရေး ထိခိုက်ခံစားလွယ်အုပ်စုများ ကာကွယ်ရေး လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးလုပ်ငန်းကော်မတီများ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (Universal Periodic Review – UPR) အကြံပြုချက်တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသား အဆင့်ကော်မတီအစည်းအဝေးကို ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် လူ့အခွင့်အရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နောက်ကျကျန်ခဲ့မှု မရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော်မှုများကို ဆွေးနွေးရာတွင် နိုင်ငံအလိုက် အကောင်အထည်ဖော်ရမည့် အကြံပြုချက်များ လက်ခံရရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက်များအနက် မိမိတို့နိုင်ငံ က အကြံပြုချက် (၁၆၆) ရပ်ကို လက်ခံခဲ့ပြီး ကဏ္ဍ (၁၂) ရပ်ခွဲ၍ လုပ်ငန်းကော်မတီ (၁၂) ခု ဖွဲ့စည်းထားရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား/မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစား လွယ်သော အုပ်စုများ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်း ကော်မတီ(၂)ရပ်ကို ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ကော်မတီ(၂)ရပ်စလုံးတွင် အကြံပြုချက် (၁၅)ချက်စီပါဝင်ပါကြောင်း အဆိုပါအကြံပြုတိုက်တွန်း ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ကို မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တတိယအကြိမ် တင်သွင်းရမှာဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်း ( Untied Nations Convention on the Rights of the Child –UNRC ) ကို ၁၉၉၁ ခုနှစ်တွင်လည်းကောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Untied Nations Convention on the Elimination of All Forms of Discrimination Against Women- UNCEDAW)ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ မသန်စွမ်း သူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Untied Nations Convention on the Rights of Persons with Disabilities –UNCRPD)ကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ အတည်ပြုပါဝင်ခဲ့ပါကြောင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ချက်အနေဖြင့် ကလေးသူငယ် ဥပဒေအား ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ယခုအခါ ခေတ်စနစ်နှင့်အညီ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအသစ်အား ထုတ်ပြန်နိုင်ရေး လွှတ်တော်အဆင့်ထိ တင်ပြထားပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်းအား ရေးဆွဲပြီးဖြစ်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ပြီး နည်းဥပဒေများဖော်ဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြည်သူများ အမှန်အကျိုးကျေးဇူး ခံစားရရှိစေရန် လိုအပ်ပါကြောင်း၊ လူတိုင်းအခြေခံ လူ့အခွင့်အရေးများရရှိပြီး တရားဥပဒေစိုးမိုးမှုခံစားရရှိစေရန် သက်ဆိုင်ရာ ကဏ္ဏများအလိုက် တာဝန်ရှိသော ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအစီရင် ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်မှုမှတ်တမ်းများကို စနစ်တကျပြည့်စုံစွာ တင်ပြနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီများဖြစ်သော အမျိုးသမီးများအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်း (၇) ဖွဲ့တို့က မိမိတို့ဌာန/အဖွဲ့အစည်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဖူဆယ် အားကစားခန်းမ၌ ကျင်းပပြုလုပ် သော (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို သွားရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။ အဆိုပါနောက်ဆုံးဗိုလ်လုပွဲစဉ်တွင် လက်ရှိ ချန်ပီယံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ လက်ရှိချန်ပီယံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းကို (၅) ဂိုး – (၄) ဂိုး ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။ အနိုင်ရရှိခဲ့သော ဖူဆယ်ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ပြည်ထောင်စုဝန်ကြီးက ဆုငွေများချီးမြှင့်ခြင်းနှင့် ညစာစားပွဲတို့ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019