
=================================================
ဇန်နဝါရီလ ၂၊ နေပြည်တော်
———————————
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့သည် (၂-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာ၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ရေးအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ UNICEF အဖွဲ့အစည်း၏ Executive Director ဖြစ်သူ Ms. Henrietta H. Fore မှ ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် UNICEF ၊ World Food Programme (WFP)၊ International Organization for Migration (IOM)၊ UNFPA တို့မှ ဆောင်ရွက်မည့် စီမံချက်ဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဦးဆောင်၍ ဆောင်ရွက်လျက် ရှိသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ ဆက်လက်ဆောင်ရွက်မည့် Social Assistance နှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန်မြို့တွင် Social Work Institute တည်ထောင်ဖွင့်လှစ်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မိခင်ဝိုင်းများအား တိုင်းဒေသကြီး/ပြည်နယ် များတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ရေရှည်တည်တံ့စေရန် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။