မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ဖေါ်ဆောင်ရေး အမျိုးသားအဆင့် လမ်းညွှန်ချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

27 Pic 01
==================================================
ဒီဇင်ဘာ ၂၆၊  နေပြည်တော်————–

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အမျိုးသားအဆင့်လမ်းညွှန်ချက် (National Guideline) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ လူမှုရေးကဏ္ဍဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးတို့ကို ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Asia Pacific Development Center on Disability (APCD) အဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) တို့သည် အဓိကပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊      မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နိုင်ငံတကာတွင် အမျိုးသားအဆင့်လမ်းညွှန်ချက် National Guidelineများ အသုံးပြု ဆောင်ရွက်နေကြသောကြောင့် မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးတို့ကို မြှင့်တင် ဆောင်ရွက်ပေးနိုင်မည့် မြန်မာနိုင်ငံနှင့် အထူးသင့်လျော်သော National Guideline (မူကြမ်း) အားရေးဆွဲရန်နှင့် မူကြမ်းအားအတည်ပြုပြီးပါက မြန်မာ၊ အင်္ဂလိပ်၊ ဂျပန် (၃) ဘာသာဖြင့် ပုံနှိပ်၍ ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ မတ်လ၌ ကျင်းပပြုလုပ်မည့် ASEAN Regional Forum တွင် ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် Asia Pacific Development Center on Disability (APCD) အဖွဲ့နှင့် ပူးပေါင်း၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သော ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ASEAN Hometown Improvement Project ကိုလည်း အကောင်အထည်ဖေါ်လျက်ရှိရာ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အို များ အပါအဝင် ရပ်ရွာလူထုအခြေပြု လူတိုင်းအကျုံးဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတားအဆီး ကင်းမဲ့သော လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်လာစေခြင်း၊ အစိုးရကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် မသန်စွမ်း အသင်းအဖွဲ့များအပါအဝင်ကဏ္ဍ အသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်း လာစေခြင်း စသည့်အကျိုးရလဒ်များခံစားရရှိလျက်ရှိပါကြောင်းနှင့်  ယနေ့အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် မြန်မာနိုင်ငံရှိမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးတို့ကို မြှင့်တင်ရေးဆောင်ရွက်ပေးနိုင်မည့် National Guideline ပေါ်ပေါက်ရေး၊ ASEAN Hometown Improvement Project ကို ပီပြင်စွာ ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ APCD၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် ဖိတ်ကြားထားသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events