နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

19_Pic_01

ဒီဇင်ဘာ ၁၈ နေပြည်တော်

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံအစိုးရအကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့်(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ အာဆီယံ၏ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တာဝန်ယူချိန်မှ စတင်ကာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ကော်မရှင်အားဖွဲ့စည်းဆောင်ရွက် ခဲ့သကဲ့သို့ အကြံပြုချက်များအကောင် အထည်ဖော်နိုင်ရေးကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများတွင် တူညီသည့်အချက်များစွာရှိပြီး နှစ်ပေါင်းများစွာ အတူလက်တွဲ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ရာ အပြန်အလှန်နားလည်ယုံကြည်မှုဖြင့် လိုအပ်ချက်ဆန်းစစ် ဖော်ထုတ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သွားလိုပါ ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်အား ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်လိုပါကြောင်း၊ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် မြန်မာ နိုင်ငံမှ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များဖြစ်သည့် ကြက်ခြေနီလှုပ်ရှားမှုများ၊ UNDP၊ UNHCRနှင့် မြန်မာနိုင်ငံအစိုးရ၏ သုံးပွင့်ဆိုင် နားလည်မှုစာချွန် လွှာအကောင်အထည်ဖော်မှုများကို ပိုမိုပြည့်စုံအောင် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံကတိက ဝတ်များကို အကောင် အထည်ဖော်ရာတွင်လည်း အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုပြယုဂ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများ တွင်သာမက နိုင်ငံတကာ အသိုက်အဝန်းတွင်ပါအရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် Mr. Lim Jock Hoi က မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံအပေါ်တွင်ထားရှိသည့် ယုံကြည်မှု အတွက်များစွာဝမ်းမြောက်ကြောင်းနှင့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN ERAT) လုပ်ငန်းစဉ်အရ လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်မှုလုပ်ငန်းစဉ်အား သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ ဦးစားပေးအစီအစဉ်များ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ AHA Centre မှ Executive Director ဖြစ်သူ Ms. Adelina Kamel က လိုအပ်ချက်ဆန်းစစ် ဖော်ထုတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(TOR)အား ရှင်းလင်းတင်ပြပြီး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ASEAN ERAT ပြည်တွင်း သင်တန်းဖွင့်လှစ်ပို့ချမည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာ သူများက အကြံပြုဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ လူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး( ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre)၏ အမှုဆောင်ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
#hl1_otr
#npw_dec2018
Source:    MSWRR

Sign Up

Upcoming Events