ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန်နှင့် အာဆီယံမှ ပူပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) တို့နှင့် ကြိုတင်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များ၏ ပြီးစီးမှုအခြေအနေများကို လေ့လာနိုင်ရန် အတွက် အာဆီယံအတွင်းရေးမှူးချုပ်၊ H.E. Mr. Lim Jock Hoi၊ လူမှုရေးနှင့်ယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး၏ အမှုဆောင် ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ဦးစိုးအောင်နှင့် ဌာနဆိုင်ရာကိုယ်စား လှယ်များလိုက်ပါလျက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေး၊ လှဖိုးခေါင်ကြားစခန်းနှင့် ရွှေဇားကျေးရွာများသို့သွားရောက်ခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက မြေပြင်တွင် ဆောင်ရွက် ပြီးစီးမှုများကို လိုက်လံရှင်းလင်းပြသ ခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ တောင်ပြို လက်ဝဲနှင့် ငါးခူရပြန်လည် လက်ခံရေးစခန်းများတွင် အခြေခံအဆောက်အဦများ တည်ဆောက်ထားမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ရေးလုပ်ငန်းများ၊ နေထိုင်စားသောက်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ထားမှု၊ လူ့အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေး ရန်စီစဉ်ထားမှုများကို ကြည့်ရှုလေ့လာ ခဲ့ကြပြီး သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိပြီး လက်ခံရေးစခန်းများမှ ရောက်ရှိလာသူများ ခေတ္တနေထိုင်နိုင်ရေးအတွက် လူနေထိုင်ရန် အိမ်ခန်းတွဲများ တည်ဆောက်ထားမှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် Modular Houses များ စီစဉ်ထားမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် စီစဉ်ထားမှုများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေးလုပ်ငန်း များ ကြိုတင် ပြင်ဆင်ထားမှု၊ ယာယီစာသင်ခန်းများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ ကလေးငယ်များအတွက် ကလေးပျော်နေရာများနှင့် အမျိုးသမီးများ အတွက် အိမ်တွင်းမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှုများကို ကြည့်ရှုလေ့လာ ခဲ့ပါသည်။ ထိုမှတစ်ဆင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေဇား ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာသူ/ကျေးရွာ သားများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြပါသည်။
ရွှေဇားကျေးရွာတွင် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်အခြေချနေထိုင်ရန် UEHRD ဦးဆောင်မှု၊ အိန္ဒိယနိုင်ငံမှလှူဒါန်းမှုဖြင့် လူနေအိမ်များ တည်ဆောက်ထားမှုကို လိုက်လံကြည့်ရှု ခဲ့ကြပါသည်။ ဆက်လက်၍ ကိုယ်စားလှယ် အဖွဲ့သည် နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပုအား ဂါရဝပြုတွေ့ဆုံ၍ ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းရှင်းနှီးနှီး ဆွေးနွေးပြောကြား ခဲ့ပါသည်။ အာဆီယံအတွင်း ရေးမှူးချုပ်နှင့်အဖွဲ့၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_dec2018
Source: MSWRR