အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယ အကြိမ်အစည်းအဝေးကျင်းပမှုသတင်း

18_Pic_01
ဒီဇင်ဘာ ၁၇၊ နေပြည်တော်

အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြု လုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုလိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အမြတ်သေချာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြကြောင်း၊ ရင်းနှီးမှု၏ ရလဒ်အကျိုးအမြတ် အသီးအပွင့်များကို ဖွံ့ဖြိုးမှုအဖြစ်ပြည်သူများ ခံစားရ ကြောင်း၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေးရင်းနှီးမြှုပ်နှံမှုများလည်း ဆောင်ရွက် ကြရကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် များပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အားလုံးအနက် အကျိုးအမြတ်အများဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့သုတေသန ရလဒ်များအရ ရင်းနှီးမြှုပ်နှံမှု၏  အနိမ့်ဆုံး(၃)ဆ မှ အမြင့်ဆုံး (၁၇)ဆ အထိ အကျိုးအမြတ်ရရှိသည်ကို သတ်မှတ်ဖော်ပြ ထားကြောင်း၊ ဤလုပ်ငန်းသည် လူသားအရင်း အမြစ်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမှုဖြစ်ပြီး လူသား တစ်ဦးချင်းစီ၏ ကာယ၊ ဉာဏ၊ စာရိတ္ထ၊ မိတ္ထ၊ ဘောဂ စသည့် ဗလငါးတန် ပြည့်ဝစေပြီး မိမိ၊ မိမိ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် စွမ်းဆောင် ရည်မြင့်မားစေရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ်ဘဝဖြစ်သော မွေးကင်းစမှ အသက် (၈)နှစ်အရွယ် ကလေးများ၏ ကျန်းမာရေး၊ အာဟာရပြည့်ဝစွာ ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိစေရေး၊ မူလတန်းကြိုနှင့် မူလတန်းပညာရေး တို့ကို အသက်အရွယ်အလိုက် ရရှိစေရေးကို နယ်ပယ်အသီးသီး ကဏ္ဍပေါင်းစုံက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို (၂၀၁၄) ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေကို (၂၀၁၅) ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း၊ ယနေ့ အစည်းအဝေးတွင် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ(၅)နှစ် မဟာဗျူဟာ( ၂၀၁၈- ၂၀၂၂ )ကို ဆွေးနွေးညှိနှိုင်းအတည်ပြု ပေးနိုင်ရန် ဖြစ်ကြောင်း၊ မဟာဗျူဟာ (၁၀)ရပ် ပြဌာန်းထားရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၊ UNICEF အပါအဝင်  နိုင်ငံတကာအဖွဲ့အစည်များ၊ ဖွံ့ဖြိုးမှုမိတ်ဘက်ဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန်ဖြစ်ကြောင်း၊  ပြည်သူ လူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြန်ကြား၊ ဆက်သွယ်၊ ပညာပေးခြင်း စနစ်များကို ထူထောင်သွားရန်ဖြစ်ကြောင်း၊ မြန်မာ့ ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွင် ဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် မသန်စွမ်းမှု အခြေအနေများကို တိကျစွာ တိုင်းတာ ဖော်ထုတ်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ( Early Childhood Intervention, ECI) ကို တိုင်းဒေသကြီး/ ပြည်နယ်(၄)ခုတွင် စတင်စမ်းသပ်ဆောင်ရွက်နေပြီဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးက လက်ရှိဆောင်ရွက်လျက်ရှိသော အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းနိုင်ရေး၊ ပထမငါးနှစ် မဟာဗျူဟာအတည်ပြုနိုင် ရေး၊ အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပမည့်ရက် သတ်မှတ်အတည်ပြုနိုင်ရေးတို့နှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာ တင်တင်ဝင်း (အမျိုးသားလွှတ်တော်)၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မိတ်ဘက်အဖွဲ့ အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_dec2018
Source:  MSWRR

Sign Up

Upcoming Events