နှစ်သစ်ကူးလက်ဆောင်ပေးသည့်အထုပ်ပါ ငွေကျပ်သိန်း (၅၀) ကို အလွန်လိုအပ်သောနေရာတွင် သောက်သုံးရေအဆင်ပြေစေရေးဆောင်ရွက်ပေးခြင်း

နိုင်ငံတော်သမ္မတရုံးမှ (၂၀.၄.၂၀၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးအပ် သည့် အထုပ်ပါ ငွေသားကျပ်သိန်း (၅၀) အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူ မည်ဟု ဖော်ပြပြီးဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း ကသစ်ခုံရွာကုန်း၊ ကပင်၊ ကျွဲတဲ၊ အောင်ဘုံ၊ နတ်ရေကန်စသည့် ကျေးရွာပေါင်း (၂၀) နီးပါးခန့်၊ လူဦးရေ (၅) သောင်းကျော်သည် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီ လိုအပ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ပဲခူးတိုင်းဒေသကြီး ၊ အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစောညိုဝင်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ဒေသတွင် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်မှ လှူဒါန်းထားသော ကသစ်ခုံရွာဟောင်း ရှိ ယာယီရွှေ့ပြောင်း ရေလှောင်ကန် (၁၀) ခု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်း ထားသော ကျွဲတဲနှင့် နတ်ရေကန်ရှိ ယာယီရွှေ့ပြောင်းရေလှောင်ကန် (၈) ခု၊ စုစုပေါင်း (၁၈) ခုတို့တွင် လက်ရှိရေများ သိုလှောင်အသုံးပြု၍ ရနေပါကြောင်း၊ သနပ်ပင်မြို့နယ်ရှိ ရွာပေါင်း (၂၅) ရွာတွင်ရှိသော မြေသားရေကန်များမှာ နှစ်ပေါင်းများစွာကြာမြင့် ပြီးဖြစ်၍   ရေငံရေစိမ့်ဝင်မှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြု၍မရဘဲ သုံးရေဖြင့် သာအသုံးပြုနေရသဖြင့် သောက်သုံးရေပြတ်လပ်လျက်ရှိကြောင်း သတင်းများသိရှိရပါ သည်။

အဆိုပါရေကန်များအနက် အလွန်လိုအပ်လျက်ရှိသော အထက်ကျုံပါကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ ခလပ်စုကျေးရွာ၊ သနတ္တန်းကျေးရွာ၊ ကျီးပင်စုကျေးရွာများရှိ ရေကန်ဟောင်း (၅)ကန်ကို ပြန်လည်တူးဖော်ပြုပြင်ရန် စီစဉ်လျက်ရှိရာ ပြန်လည် တူးဖော်ပါက ရက်သတ္တ (၂) ပတ်အတွင်း သောက်သုံးရေ ပြန်လည်ရရှိမည်ဖြစ်ပြီး ကန်များသည် အရွယ်ပမာဏကြီးမားပါသဖြင့် ပြုပြင်စရိတ် (၁) ကန်လျှင် ကျပ် (၁၀) သိန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။ ထိုကန်များပြုပြင်ခြင်းလုပ်ငန်းအတွက် ကုန်ကျ စရိတ်ကို နိုင်ငံတော်သမ္မတရုံး၏ ဖော်ပြပါ ထုတ်ပြန်ချက်အရ မီဒီယာကုမ္ပဏီကြီးမှ အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား နှစ်သစ်ကူးလက်ဆောင်ပေးသည့် အထုပ်ပါ ငွေကျပ်သိန်း (၅၀) ကို အသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် အိမ်ထောင်စု (၂၉၄၉) ရှိ လူဦးရေပေါင်း (၁၂၇၉၅) ဦးတို့အတွက် သောက်သုံးရေဖူလုံစေနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events