
ဒီဇင်ဘာ ၁၀၊ ရန်ကုန်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights -UDHR) နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်အမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌဦးဝင်းမြက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာ လူ့အခွင့်အရေး သည် လူသားအားလုံး၏ မွေးရာပါ ခံစားခွင့်ဖြစ်ပြီး အခွင့်အရေးဟုဆိုရာတွင် ရရှိခံစားပိုင်ခွင့်သာမက ဆောင်ရွက်ပိုင်ခွင့်ပါ ပါဝင် ပါကြောင်း၊ ဆောင်ရွက်ပိုင်ခွင့်သည် ဆောင်ရွက်ရန်တာဝန်ရှိသည်ဟု အဓိပ္ပါယ်သက်ရောက်ပါကြောင်း၊ လူဟုဆိုရာတွင်လည်း တွေးခေါ်ဉာဏ်ရှိသော သတ္တဝါအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြရာလူ့ အခွင့်အရေး သည် အတွေးအခေါ်အမျှော်မြင်ရှိသောလူသားများအတွက် ရရှိခံစားပိုင်ခွင့်နှင့် တာဝန်ရှိမှုကိုဖေါ်ညွှန်းပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ပေးနေ ခြင်းသည် ၎င်းတို့၏ရရှိခံစားသင့်သည့် အခွင့်အရေးများကို ဖေါ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ ပြည်သူများကလည်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့်အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်၍ လူ့အခွင့်အရေး စံနှုန်းများကို ပြည့်မီအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်ရာတွင် လူ့အခွင့်အရေးသည် အတူယှဉ်တွဲပါလာပြီး လူ့အခွင့်အရေးကို မှန်ကန်စွာသိရန်၊ မှန်ကန်စွာလေးစားမှုရှိရန်နှင့် မှန်ကန်စွာကျင့်သုံးနိုင်ရန် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရန် တစ်ဦးချင်းစီ၏ အခွင့်အရေးကိုဖေါ်ဆောင်မည့် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများချမှတ်ဖေါ်ဆောင်နေရခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတိုင်းသည် နိုင်ငံအလိုက် မိမိတို့နိုင်ငံ၏ မူဝါဒလမ်းစဉ်နှင့် ကိုက်ညီမည့် ဥပဒေများကို လိုက်နာရသကဲ့သို့ နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊
ကုလသမဂ္ဂက အလေးအနက်ပြု၍ သတ်မှတ်ထားသော နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်ကြီး (၉)ခုရှိရာထိုစာချုပ်ကြီး (၉)ခုကို နိုင်ငံတကာဥပဒေအဖြစ် လေးစားလိုက်နာကြခြင်းဖြစ်ပါကြောင်း၊ ထိုစာချုပ်ကြီး (၉)ခုသည် ကမ္ဘာကြီးကိုပိုမိုကောင်းမွန်သော၊ လုံခြုံသော၊ လူမှုစီးပွားသဟဇာတဖြစ်သော၊ လူနေမှုဘဝဖွံ့ဖြိုးတိုး တက်သော လူ့အခွင့်အရေးစံနှုန်းကောင်းမွန်သော ကမ္ဘာကြီးဖြစ်ရန် ဆောင်ရွက် လျက်ရှိရာ ကမ္ဘာနိုင်ငံအများစုသည် ထိုစာချုပ်ကြီးများကိုသဘောတူလက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအတွက် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် သဘောတူစာချုပ်ကြီး (ကုလသမဂ္ဂကွန်ဗင်းရှင်း ၄ ခု)ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ထိုလက်မှတ် ရေးထိုးခဲ့သော ကုလသမဂ္ဂကွန်ဗင်းရှင်း ၄ ခုမှာ “ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း”၊ “အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြား မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း”၊ “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း”နှင့် “စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်”တို့ ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ဥပဒေအရ ထိရောက်စွာ ကာကွယ်မှုများပေးနိုင်ဖို့အတွက် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေနဲ့ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေများကိုပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်တွေနဲ့အညီဥပဒေများကို အသစ်ပြန်လည်ရေးဆွဲ ထားရှိခဲ့ပြီး အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီမှာ ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊
လက်မှတ်ရေးထိုးထားသော ကွန်ဗင်းရှင်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာ များကိုထိထိရောက်ရောက်နဲ့ အကောင်အထည် ဖော်နိုင်ရေးအတွက် အမျိုးသားအဆင့် ကော်မတီအသီးသီးကိုဖွဲ့စည်းခဲ့ပြီးအဆိုပါကော်မတီကိုအထောက်အကူပြုစေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည် တော်ကောင်စီ၊ ခရိုင်၊ မြို့နယ်အဆင့်အထိဖွဲ့စည်း ဆောင်ရွက်ထားရှိကြောင်း၊ ယနေ့မျက်မှောက်ခေတ်သည် ကမ္ဘာနှင့်တစ်ဝှမ်းလူ့အခွင့်အရေး ထိပါးချိုးဖေါက်မှုတိုးပွားများပြား နေပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးစနစ်များအား နည်းလျက်ရှိရာ တရားဥပဒေ အကာအကွယ်ကိုတန်းတူညီမျှရရှိရေးမှာ ကျွန်ုပ်တို့အားလုံးလူ့အခွင့်အရေးမြှင့်တင်ခြင်း၊ လူ့အခွင့်အရေး ဆိုင်ရာ အသိပြန့်ပွားစေခြင်းတို့ကို ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း၊
ယနေ့နိုင်ငံတော်တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကိုအခြေခံ၍ ပေါ်ပေါက်လာသော ကုလသမဂ္ဂ၏ အဓိကလူ့အခွင့်အရေးစာချုပ်ကြီးများအနက် မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေးသဘောတူစာချုပ်ကြီးများ၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ပါ နိုင်ငံသားအခွင့် အရေးများ၊ နိုင်ငံ အချင်းချင်းချုပ်ဆိုထားသော သဘောတူညီချက်များစသည်တို့ကို အလေးထားလျက် မိမိနိုင်ငံရှိ ပြည်သူများအတွက် နိုင်ငံတော်ကလူ့အခွင့်အရေး ကိုလေးစား ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူ့အခွင့်အရေးဖြည့်ဆည်းပေးရန် စသည်များကို တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုအထောက်အကူပြုခြင်းများသည် အရေးပါသောကဏ္ဍတစ်ရပ်အနေဖြင့် တည်ရှိလျှက်ရှိပြီး ဆက်လက်၍ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် UN Resident & Humanitarian Coordinator, Mr.Knut Ostby တို့က အသီးသီး အမှာစကားပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ စာရေးဆရာမ မသီတာ (စမ်းချောင်း)က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင် အမျိုးသမီးအခွင့်အရေးနှင့် စပ်လျဉ်း၍ ပြောကြားခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဟံသာဝတီဦးအုန်းကြိုင်က သတင်းမီဒီယာအခွင့်အရေးနှင့် စပ်လျဉ်း၍ ပြောကြားခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဒုတိယဥက္ကဌ ဦးချစ်နိုင်(စိတ်ပညာ)တို့က အသီးသီးပြောကြားခဲ့ကြပါသည်။
ထိုနောက် UDHR မှတ်တမ်း Video ပြသခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇၀) ပြည့် အထိမ်အမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသူ/ ကျောင်းသူများ ကို ဆုချီးမြှင့်ခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_dec2018
Source: MSWRR