မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်မှု သတင်း

9_Pic_02

ဒီဇင်ဘာ ၉၊ နေပြည်တော်

ရှေးဦးအရွယ်ကလေးသူငယ်များအား နည်စနစ်မှန်ကန်စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါ သည်။ မွေးစမှ (၃)နှစ်အရွယ်အထိ ကလေးငယ်များနှင့် (၃)နှစ်မှ(၅)နှစ် အထိ မူကြိုအရွယ် ကလေးများကို ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရန်  မိခင်အပါအဝင် မိသားစုဝင်များ၊ ရပ်ကွက်/ ကျေးရွာရှိ လူမှု အသိုင်းအဝိုင်းတစ်ခုလုံးက သိရှိနားလည် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော ရပ်ကွက်/ကျေးရွာများ တွင် စနစ်တကျပြုစု စောင့်ရှောက်နိုင်သည့် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာ(၅)ရွာ၌ အကောင် အထည်ဖေါ်ရန်အတွက် အသိပညာပေးဆွေးနွေး၍ ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။                                 လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်သော မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တပ်ကုန်း ကျေးရွာသို့ရောက်ရှိပြီး ဓမ္မကျောင်းတော် ဘုန်းတော်ကြီးအား ဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဒေသခံကျေးရွာ ပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတို့ကို တွေ့ဆုံ၍ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင် ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရှေးဦး အရွယ်ကလေးသူငယ်များအတွက် ဦးနှောက် ဖွံ့ဖြိုးစေရန်နှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားလာစေရန် ရည်ရွယ်၍ မိခင်ဝိုင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အဆိုပါ မိခင်ဝိုင်းများတွင် မိခင်များ၊ မိသားစုဝင်များ သာမက ရပ်ကွက်/ ကျေးရွာအတွင်းရှိ ပြည်သူလူထုများက ပူးပေါင်းပါဝင်ပေးနိုင်ပါက ရေရှည်တည်တံ့ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိခင်ဝိုင်းများ အကောင်အထည်ဖေါ်ရန် ငွေကြေးထောက်ပံ့ပေးရုံ သက်သက် မဟုတ်ဘဲ ကလေးငယ်များကို အသက်အရွယ်အလိုက် ပြုစုလေ့ကျင့်ပေးရေး သင်တန်း များကိုလည်း မိခင်ဝိုင်းခေါင်းဆောင်များကို သင်ကြားပေး လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် လူမှုကာကွယ်စောင့်ရှောက်ပေး ရေးလုပ်ငန်း အဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို သက်ကြီးပင်စင်များ ထောက်ပံ့ပေးခြင်းနှင့် မသန်စွမ်းသူများအတွက်လည်း ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မိခင်ဝိုင်းများမှရရှိလာမည့် အကျိုးကျေးဇူးများအား ပြောကြားခြင်း၊ မိခင်ဝိုင်းခေါင်းဆောင်များကို ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုလေ့ကျင့်ပေးရေးသင်တန်း များပို့ချမည့် အစီအစဉ်များနှင့် ဝန်ကြီးဌာနက ပံ့ပိုးထောက်ပံ့မည့် အစီအစဉ်များကို ရှင်းလင်ဆွေးနွေးခဲ့ကြပါသည်။            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရွှေပန်းကျေးရွာ၊ ဇီးလုံးကျေးရွာ၊ တပ်ကုန်းကျေးရွာ၊ လဲလူကျေးရွာနှင့် ရေပြည့်ကျေးရွာများတွင် မိခင် ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့် ငါးသိန်း နှစ်သောင်း ရှစ်ထောင်တစ်ရာ) တိတိ၊ မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာနှင့် လဲလူ ကျေးရွာအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေကျပ် (၆)သိန်း၊ မွေးကင်းစကလေး ထောက်ပံ့ငွေကျပ် (လေးသောင်းငါးထောင်)၊ တပ်ကုန်းကျေးရွာ၊ လဲလူကျေးရွာနှင့် ရေပြည့်ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအတွက် သက်ကြီး ပင်စင်ထောက်ပံ့ငွေကျပ် (ကိုးသိန်း ခြောက်သောင်း)တို့ကို ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ပြည်သူများကိုယ်စား ပြည်သူ့ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော ဘိုးဘွား များနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များ ပေးဝေခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းကျေးရွာအတွင်းရှိ ဘိုးဘွား(၂)ဦးထံသို့ သက်ကြီးပင်စင်များကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယနေ့ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (ငါးဆယ့် တစ်သိန်းသုံးသောင်း သုံးထောင့်တစ်ရာ) ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#mgy_dec2018
Source:  MSWRR

Sign Up

Upcoming Events