ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း များဆောင်ရွက်မှုသတင်း

9_Pic_01
ဒီဇင်ဘာ ၈ ၊ လွိုင်ကော်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မိမိသဘောဆန္ဒ အလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအနက် ကယားပြည်နယ်တွင် ပြန်လည်အခြေချ နေထိုင်လိုသူများကို ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ထိုင်းနိုင်ငံ ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက်နေရပ် ပြန်လည်ဝင်ရောက်လာသူများကို ကယား ပြည်နယ်အတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန် လည်နေရာချထားလုပ်ငန်းများတွင် မိမိတို့ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာဝန်ကြီးဌာနများကပါ ပူးပေါင်းပါဝင်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထား ပေးရေးစီမံချက်များတွင် ပြန်လည်ဝင်ရောက်လာသူများ၏ ပကတိအခြေအနေများပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ဝင်ရောက်လာ သူများ၏ မိသားစုအခြေအနေ၊ ပြန်လည်နေရာချထားမည့်အစီအစဉ် အသေးစိတ်ကို ကြိုတင်ညှိနှိုင်းထား ရမည်ဖြစ်ကြောင်း၊ ယခု ကယားပြည်နယ် နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက နေရပ်စွန့်ခွာသူ မြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ရောက်ရှိလာပါက ၎င်းတို့၏ နေထိုင်ရေး၊ စားဝတ်နေရေး၊ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျစီစဉ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ပါ သည်။ ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဌနှင့်အဖွဲ့ဝင် များက နယ်စပ်ဒုက္ခသည်စခန်း(၂)ခုရှိ ဌာနေတိုင်းရင်းသား (၁၁၉၆၃)ဦး စာရင်းရရှိထားပြီးဖြစ်၍ အားလုံးပြန်လည်ဝင်ရောက်လာပါက ၎င်းတို့၏ ဆန္ဒသဘော အလျောက် မိမိတို့မူရင်းနေရပ် (သို့မဟုတ်) မူရင်းနေရပ်နှင့်အနီးဆုံး(သို့မဟုတ်) ၎င်းတို့ရွေးချယ်သောနေရာများတွင် နေရာချထားပေးနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ်သို့ပထမအကြိမ် ပြန်လည်ဝင်ရောက်လာသော မိသားစုများ အတွက် နေအိမ်များဆောက်လုပ်နိုင်ရေးထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖေါ်ဆောင်ပေး ရေး၊ ထောက်ပံ့မှုများပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ မိုင်းကြောင့်မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးကမိမိတို့ ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ရှေးဦးအရွယ်ကလေးသူငယ်များအခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှေးဦး အရွယ်ကလေးများအားလုံး အသက်ရှင်ပိုင်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိအောင် ကိုယ်ဝန်ဆောင် မိခင် နှင့်၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးအစီအစဉ် (MCCT) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဝန်ကြီးဌာန၏ ခွဲဝေရရှိသော ဘက်ဂျက်ပေါ်မူတည်၍ ဖွံ့ဖြိုးမှု နောက်ကျနေသော ပြည်နယ်များတွင်ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ကယားပြည်နယ်အတွက် တိုးချဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လတ်တလောတွင် ငွေကြေးကုန်ကျသည့်လုပ်ငန်း ဖြစ်သော် လည်း အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း အနာဂတ် နိုင်ငံအတွက်များစွာ အကျိုးပြုကြောင်းကို ကမ္ဘာ့ပညာရှင်များ၏ သုတေသန ပြုချက်များအရ သိရှိထားပြီးဖြစ်ကြောင်း၊ ထို့အတွက် ကယားပြည်နယ် အတွင်းရှိ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ် တကျ ပြုစုလေ့ကျင့်ပေးနိုင်သော မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရေးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိခင်ဝိုင်းများ တို့ချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ကြေးငွေကျပ် (၃,၅၂၈,၁၀၀)သိန်း၊ ၂၀၁၈ – ၂၀၁၉  ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်ကာလအတွက် အသက်(၈၅)  နှစ်နှင့်အထက် ဘိုးဘွား(၅၁၆)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၁၅,၄၈၀,၀၀၀)ကျပ်၊ ကယားပြည်နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူမှုရေးအသင်း(၅)သင်းအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်း၊  ကယားပြည်နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုင်ဒဏ်ရာရသူ မသန်စွမ်း(၇၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၅,၆၀၀,၀၀၀) သိန်း အား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အသီးသီးထောက်ပံ့ပေးခဲ့ရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်နှင့် အထက်ဘိုးဘွားများသို့ ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး မိခင်ဝိုင်းများမှ ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာ အရုပ်များ ပေးဝေခဲ့ပါသည်။
ယနေ့ ကယားပြည်နယ်အတွင်း ထောက်ပံ့ကြေးငွေစုစုပေါင်းမှာ ငွေကျပ် (၃၆,၁၀၈,၁၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#kyh_dec2018
Source:  MSWRR

Sign Up

Upcoming Events