ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မာန်အောင်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်

2_Pic_02

1_Pic_01

နိုဝင်ဘာ ၃၀၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦလှမော်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက  ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့ ကြပြီး ထိုမှတစ်ဆင့် စက်တပ်ရေယာဉ်ဖြင့် မာန်အောင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို  ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တပြေးညီ ဖွံ့ဖြိုးတိုးတက် မှုကိုဆောင်ရွက်ရသောကြောင့် လိုအပ်ချက်များရှိနေသေးသည်ကို သိရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံကျသော လျှပ်စစ်မီးရရှိရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဆောင်ရွက်မှု များကို ပြည်သူများလက်တွေ့ သိရှိခံစားနေကြပြီ ဖြစ်ကြောင်း၊ မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင် အချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများဖြင့် တစ်ဦးချင်း ရပ်တည် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ပေးနေပါကြောင်း၊ လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့် ဖြစ်သောဘေးများအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် ဘေးကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုမာန်အောင်မြို့နယ်တွင်လည်း ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများ ဆောက်လုပ်ပေးခြင်းသည် သဘာဝဘေးကျရောက်နိုင်ခြေရှိသော ဤဒေသရှိ ပြည်သူများစိတ်ဓါတ်လုံခြုံမှု ရရှိစေပြီး ဘေးဒဏ်ဖြစ်ပွားမှုမရှိချိန်တွင် စာသင်ကျောင်း၊ မူလတန်းကြိုကျောင်း၊ လူငယ်စင်တာ၊ စာကြည့်တိုက် စသည်ဖြင့် လူထုအခြေပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ၏လိုအပ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်များနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူးများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တိုင်းရင်းသား လူမျိုးများနှင့်ပတ်သတ်၍ ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter) များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကလေးငယ်များ အာဟာရ အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် မသန်းစွမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကလေးငယ်များကို အဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယနေ့ ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၄၅,၅၈၈,၁၀၀ (လေးရာငါးဆယ့် ငါးသိန်းရှစ်သောင်း ရှစ်ထောင့် တစ်ရာ) တိတိဖြစ်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာန်အောင်မြို့ရှိ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွား ရိပ်သာဆောက်လုပ်ရာသို့သွားရောက်ခဲ့၍ ဘိုးဘွားများအတွက် ယခင်က အသက်(၉၀)နှစ်နှင့် အထက်ကိုသာ ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာ နှစ်မှစ၍ အသက်(၈၅)နှစ်နှင့်အထက် ထောက်ပံ့ ပေးနေပြီဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရိပ်သာ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် မာန်အောင်မြို့၊ ကမ်းနားရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအိမ်သို့ လူမှုရေးပင်စင်များကို လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#h1

#rke_nov2018

Source: MSWRR

Sign Up

Upcoming Events