IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုသတင်း

30_Pic_01
နိုဝင်ဘာ ၂၉၊ နေပြည်တော်

 

ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသော IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းအမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်နယ်(၄)ခုမှ အစိုးရတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်း အများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်းရှိ ပြည်သူတို့ပါဝင်ပြီး အားလုံး၏ အကြံဉာဏ်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် IDP စခန်းများ (၁၄၀)ကျော်တွင် ဒုက္ခသည်စခန်းရှိ လူဦးရေ တစ်သိန်းခြောက်သောင်း ကျော် ရှိနေသော်လည်း အရေအတွက်အားဖြင့် အတိုးအလျှော့ရှိ ပါကြောင်း၊ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ယခုနှစ်ဇွန်လတွင် ပထမအကြိမ်အစည်းဝေး ကျင်းပပြီးဖြစ်ရာ ဆွေးနွေးမှုရလာဒ်များကို လက်တွေ့အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ရသည့် အခက်အခဲ အဟန့်အတားများနှင့် နှောင့်နှေးကြန့်ကြာမှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများအား ဒုတိယ အကြိမ် ကျင်းပသည့် ယခုအစည်းအဝေးတွင် အကြံပြုဆွေးနွေး ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် လက်ထက်စတင် တာဝန် ယူချိန်မှစ၍ အမှန်တကယ် စိတ်ဆန္ဒစေတနာများဖြင့် အားထည့်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးအတွက်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံနှင့် ရခိုင်ပြည်နယ်တွင် လူမှုသဟဇာတ ဖြစ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသော်လည်း အောင်မြင်မှုရရန်  အခက်အခဲများစွာ ရှိနေဆဲဖြစ်ကြောင်း၊  ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ညှိနှိုင်း ဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ကချင်၊ ကရင်၊ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကြုံတွေ့ရသော နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေးစသည့်အချက်များကို အလေး ထားရမည်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရာတွင် လုံခြုံရေးသည်အရေးကြီးသဖြင့်  အဆိုပါဒေသများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်း များကိုလည်း သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုသဟဇာတဖြစ်ရေးကို အထူးအလေး ထား ဂရုပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်များအလိုက် စီမံချက်များရေးဆွဲရာတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့မှာ လွန်စွာအရေးကြီးပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ပြီး စနစ်တကျဖြစ်ရန် လိုအပ်ပါကြောင်း၊ IDP စခန်းများ ရေရှည်တည်ရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် စနစ်တကျပိတ်သိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု ရလာဒ်ကောင်းများထွက်ပေါ်အောင် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံတိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် UNRC မှ ဌာနေကိုယ်စားလှယ်က IDP စခန်းပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းဆွေးနွေးမှု အတွက် ဂုဏ်ယူပါကြောင်း၊ လက်တွေ့ဆောင်ရွက်ရာတွင် ထိခိုက်လွယ်အဟန့်အတားများနှင့် စိန်ခေါ်မှုများစွာရှိပါသော်လည်း မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားကို ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာပြည်နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့မှ IDP စခန်းများပိတ်သိမ်းနိုင်ရေးအတွက် လက်ရှိ အခြေ အနေများ၊ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံထားမှုအခြေအနေများ၊ မဟာဗျူဟာမူကြမ်းတွင် ထပ်မံဖြည့်သွင်းသင့်သည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်မည့် အခြေအနေများကို အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1
#npw_nov2018
Source: MSWRR

 

Sign Up

Upcoming Events