==================================================
နိုဝင်ဘာ ၂၇၊ နေပြည်တော်——————–
စင်္ကာပူနိုင်ငံ၌ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre မှ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ပြန်လည်လက်ခံ ပေါင်းစည်းရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။
အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာ စည်သူဖေသိန်းနှင့် Ms. AnnisaNurul Wahidah ၊ AHA Centre မှကိုယ်စားလှယ် Mr. Arnel Capili နှင့် Mr. Janggam Adhityawarma တို့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ကြပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံခဲ့ကြပါသည်။
ဆက်လက်ပြီး နိုဝင်ဘာ (၂၃၊ ၂၄၊ ၂၆) နေ့များတွင် ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်ချိန်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ AHA Centre မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် လာရောက်ကြည့်ရှု လေ့လာပြီးလိုအပ်သော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်မှုများ ပြုလုပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြပါသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်(၂)ဦးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေး စခန်းများသို့ နိုဝင်ဘာ ၂၇ နေ့မှ ၃၀ နေ့အထိ ကနဦး သွားရောက် လေ့လာမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။