သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ USAID တို့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာ လနှင့် လိုက်လျောညီထွေရှိစေရေး၊ နိုင်ငံ တကာစံချိန် စံနှုန်းများနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ပြည်သူ လူထုအတွက် ပိုမို ထိရောက်သည့် ကူညီထောက် ပံ့မှုများဆောင်ရွက်နိုင် ရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကမ္ဘာ့နိုင်ငံ များ၏ မူဘောင်များ၊ ကတိကဝတ်များနှင့် ကိုက်ညီ မှုရှိစေရေးတို့ကို အလေးထား စဉ်းစားဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခင်အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး ထွက်ပေါ်ရရှိလာသည့် ရလာဒ်များ၊ အကြံပြုချက်များကို ယခု အလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းမြင်သာ စွာချပြဆွေးနွေးပြီး တက်ရောက်လာ သူများ၏ အကြံပြုချက်များရယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးအတွက် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့် ဥပဒေဖြစ်ရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကြံဉာဏ် များရယူရေး၊ ပြည်တွင်း/ပြည်ပလူမှုအဖွဲ့ အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် စနစ်တကျ ပူးပေါင်းဆောင် ရွက်မှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေးမှာအရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်း ကိုထူထောင်နိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၃)ခု၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအပေါ် ထည့်သွင်းဆွေးနွေးပြီး အားနည်းချက်များကို သုံးသပ်ဆွေးနွေးရန်ဖြစ်ကြောင်း၊ အားလုံး၏ အကြံပြု ချက်များပါဝင်ပြီး ပြည်သူ့အကျိုးစီးပွား ကိုဖော်ဆောင်နိုင်သည့် ဥပဒေဖြစ်စေရေး အတွက်အလေးထားပြီး အကြံပြုဝိုင်း ဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော် မတီများမှ ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စား လှယ်များ၊ အသိပညာအတတ်ပညာရှင်များ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ DRR Working Group နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2018
Source: MSWRR