
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ မြတ်မင်္ဂလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော အခမ်းအနားမှာနှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကမ္ဘာ့ကလေးများနေ့ကို အမှီပြုပြီးကျင်းပခဲ့ခြင်းမှာ (၂၉) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်ကို မြန်မာ့ကလေးများနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားများဖြင့် ကျင်းပလျက်ရှိပါ ကြောင်း၊ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ မူဝါဒ(၄)ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့နှင့်ပတ်သက်၍ ပြည်သူနှင့် အစိုးရပူးပေါင်းပါဝင်ဆောင်ရွက်မည့်ကိစ္စရပ် များရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များပြုစု ပျိုးထောင်ရာတွင် မွေးစအရွယ်မှ (၈)နှစ်အရွယ်ထိ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်မှသာ အနာဂတ်ရဲ့ သား/သမီးကောင်းရတနာများဖြစ်လာမည် ဖြစ်ပါကြောင်း၊ ကလေးငယ်များကို ဆက်ဆံ ရာတွင် ဟန့်တားမှုများ၊ နှောက်ယှက်မှုများသည် ဦးနှောက်ဖွံ့ဖြိုးမှုကို နောက်ကျစေသည့်အတွက် မိဘများက ကလေးငယ်များနားလည်လွယ်သော စကား များဖြင့်ဆက်သွယ်ဆုံးမသင့်ပါကြောင်း၊ မူလတန်းကြိုကျောင်းမတက်နိုင်သောများအတွက် မိခင်ဝိုင်းများဖွင့်လှစ်ထားရှိပြီး ဝန်ကြီးဌာနမှ လိုအပ်သော သင်တန်းများပို့ချ ဆောင်ရွက်ခြင်းနှင့် ပံ့ပိုး ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်မှုခံရသောကလေးငယ်များ၊ သက်ငယ်မုဒိန်းများ၊ အဓမ္မခိုင်းစေခံရသောကလေး ငယ်များ၊ လူကုန်း ကူးခံရသောကလေးငယ်များ၊ ကချင်-ရခိုင်-ရှမ်း-စသော တိုက်ပွဲရှောင်ဒုက္ခသည် စခန်းများမှ ကလေးသူငယ်များအခွင့်အရေး ဆုံးရှုံးမှုများကို ပိုမိုကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် လူမှုကာ ကွယ်စောင့်ရှောက်ရေးနည်းလမ်းများစွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကိုလည်း ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြင်ဆင်ရေးဆွဲပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီသို့ ညှိနှိုင်းတင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊
ကလေးတစ်ဦး၏ မွေးဖွားချိန်မှ ရက်တစ်ထောင်ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန်နှင့် အသက်ရှင်သန်ရန်အတွက် ဂရုတစိုက်စောင့် ရှောက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့ပေးနေသော ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်း မှမွေးဖွားသော အသက် (၂)နှစ်အောက်ကလေးငယ် များအား တစ်ကိုယ်ရေသန့်ရှင်းရေးပညာပေး၊ အာဟာရတန်ဖိုး ပညာပေး၊ မိသားစုစီမံကိန်း ပညာပေးခြင်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်လျက်ရှိပြီး ရှေ့လာမည့်နှစ်များတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အစိုးရဘဏ္ဍာငွေများ အပြင် ကမ္ဘာ့ဘဏ်ချေးငွေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ဆက်လက် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
ကလေးငယ်များအခွင့်အရေးဆိုင်ရာအတွက် ကလေးများ၏အကောင်းဆုံး အကျိုးစီးပွားအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများ ဖော်ထုတ်အကောင်အထည် ဖေါ်ဆောင် ရွက်ရာတွင် ပြည်သူများကပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#hl1
#npw_nov2018
နေပြည်တော်၊ နိုဝင်ဘာ ၂၀