နိုဝင်ဘာ၁၈၊နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မိခင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လှည့်လည်ကြည့်ရှု၍ အားပေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင် ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာန၏အသိအမှတ်ပြု ရန်အောင်မြင် မိခင် ဝိုင်းသို့ရောက်ရှိ၍ ကလေးငယ်များကိုအာဟာရမုန့်များနှင့် ကစားစရာများပေးဝေခဲ့ပြီး ဆရာမများနှင့် အလှည့်ကျ လုပ်အား ပေး နေသည့် ကျေးရွာအတွင်းရှိ မိခင်များ၊အမျိုးသမီးများကိုတွေ့ဆုံ၍ မူလတန်းကြိုကျောင်းမဖွင့်လှစ်နိုင်သေးသည့်ကျေးရွာများတွင် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းစနစ်များနဲ့အညီ မိခင်ဝိုင်းများဖြင့် ကလေးသူငယ်များကို ပြုစုသင်ကြားပေး နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက် (၅) နှစ်အောက်ကလေးငယ်များကို ၎င်းတို့၏ အရွယ်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်ရေးနည်းစနစ်များစွာရှိပါကြောင်း၊ ထိုနည်းစနစ်များကို သင်ကြား ပေးနေသော ဆရာမများမှတစ်ဆင့် မိခင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးသော ကျေးရွာလူထု ကိုယ်တိုင်သိရှိနားလည်လာစေရန်၊ ပျံ့နှံ့ရောက်ရှိရန်လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များကို စနစ်တကျပြုစု စောင့်ရှောက် ခြင်းဖြင့် အနာဂတ်တွင်ရရှိလာမည့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များကို နံနက်စာနှင့် ဖြည့်စွက်စာကျွေးမွေးသည့် ပုံစံအား ကြည့်ရှုခဲ့ပြီးကလေးငယ်များအာဟာရအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သာယာကုန်းကျေးရွာ၌ ဖွင့်လှစ်ထားသော ကရုဏာ မိခင်ဝိုင်းနှင့် မေတ္တာမိခင်ဝိုင်းများသို့ရောက်ရှိ၍ ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေသည့် ဆရာမများ၊ မိခင်များနှင့် ကျေးရွာအတွင်းရှိအမျိုးသမီးများအားတွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ခြင်းဖြင့် အနာဂတ်နိုင်ငံတွင် နိုင်ငံ့သားကောင်း/သမီးကောင်းများရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ၊ကျေးရွာသားများကလည်းမိခင်ဝိုင်းများရေရှည်တည်တန့်အောင် ညီညီညွှတ်ညွှတ် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့၍ ကလေးငယ်များအတွက် အဟာရမုန့်များနှင့် ကစားစရာများ ပေဝေခဲ့ပြီး မိခင်ဝိုင်းများအတွက် ထောင်ပံ့ငွေများနှင့် အမိုးအကာများအတွက် တာပေါ်လင်စများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_nov2018