ပြည်ထောင်စုဝန်ကြီးများအဖွဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အသင့်ဖြစ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း

စစ်တွေ နိုဝင်ဘာ ၁၆
လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဌများဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲကစစ်တွေမြို့မှ လှဖိုးခေါင် ပြန်လည်လက်ခံရေး ယာယီ ကြားစခန်းသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်လှဖိုးခေါင် ယာယီကြားစခန်းသို့နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကြရာ ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများ ယာယီတည်းခိုနေထိုင်ရန် အဆောက်အအုံများဆောက်လုပ်ထားရှိမှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ယင်လုံအိမ်သာ အလုံအလောက် ရှိအောင်ဆောင်ရွက်ထားမှု၊ မီးဘေး လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စခန်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေမှု၊ ထပ်မံဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို စခန်းတာဝန်ခံက ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် ပြင်ဆင်ထားမှုအခြေအနေ များကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသော အလွယ်တကူတပ်ဆင် ရွှေ့ပြောင်းနိုင်သည့် လူနေအိမ် (Assemble Board Houses)များ တပ်ဆင်နေရာချထားမှုအခြေအနေများနှင့် နမူနာဆောက်လုပ်ထားသည့် ကျေးလက်လူနေ အိမ်ပုံစံများပြီးစီးနေမှု အခြေအနေများကိုလည်းကောင်း၊ပြန်လည်ဝင်ရောက်လာသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအတွက် ဆေးခန်းများ၊ စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကြ သည်။
ယင်းနောက် ဗြင်ဖြူ နယ်ခြားစောင့်ရဲကင်းစခန်းအတွင်း ရိက္ခာဂိုဒေါင် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေသည့်အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီးပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#hl1
#rke_nov2018

Sign Up

Upcoming Events