လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြန်လည်လက် ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌများဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီ က စစ်တွေမြို့မှ တောင်ပြိုလက်ဝဲရှိ ပြည်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး အတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစခန်းသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ရောက်ရှိကြပြီး နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာမည့် မြန်မာ – ဘင်္ဂလား ဒေ့ရှ်နယ်စပ်တံတားရှိ နယ်စပ်ဝင်ပေါက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တောင်ပြိုလက်ဝဲရှိ ပြန်လည် လက်ခံစခန်းအတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်နေရာချထားရေးအတွက် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ပြန်လည်လက်ခံရေးစခန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လမှစ၍ အဆင့်သင့်ဖြစ်နေ ခဲ့ပြီးဖြစ်ကာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသောစာရင်းအရ ပထမအသုတ်အဖြစ် နေရပ်စွန့်ခွာသူ ၂၂၅၁ ဦးကို ပြန်လည် လက်ခံရေးအတွက် စီရင်ဆောင်ရွက် ထားရှိပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေပြီး ၎င်းတို့အား ပြန်လည် လက်ခံပြီးနောက် လူသားချင်း စာနာထောက် ထားမှုအကူအညီများ၊ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ပိုမိုကောင်းမွန်သောအသက်မွေးမှုများ၊ အသက်မွေးဝမ်းကျောင်းအတွက် သင်တန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမီရေး ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာရေး၊ Cash for Work အစီအစဉ်တွင် နိုင်ငံတကာ နှင့်ပူးပေါင်းအကူ အညီပေးရန်များ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
Source: MSWRR