နေပြည်တော်၊ နိုဝင်ဘာ ၁၂
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးအတွက် အစည်းအဝေးများ ကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် လူငယ်များရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များကိုယ်တိုင်ရေးဆွဲနေခြင်း ဖြစ်ကြောင်း၊ မူဝါဒတွင် ပါဝင်သည့် ကဏ္ဍ(၁၆)ခုသည် လူငယ်များရပ်တည်မှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်စွာအကောင်အထည် ဖော်ပါက အမှန်တကယ် ကောင်းမွန်သည့်ရလာဒ်များရရှိမည်ဖြစ်ပါကြောင်း၊ မူဝါများရေးဆွဲပြဌာန်း၍ (၆)လအတွင်း မဟာဗျူဟာစီမံချက် ကိုရေးဆွဲရန် လျာထားခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို မြို့ပြနှင့်ကျေးလက်ဒေသ တွင်ရှိသည့် လူငယ်များအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိဖတ်ရှုလေ့လာနိုင်ရန် လိုအပ်ပါကြောင်း၊ မူဝါဒကိုအကောင်အထည် ဖော်ရာတွင် ဘဏ္ဍာငွေလိုအပ်ချက်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင် ရွက်မှုလိုအပ်ပါကြောင်း၊ မူဝါဒပါ အချက်များအကောင်အထည်ဖော်ဆောင်ရွက်ရန်အားလုံးစည်းလုံးညီညွှတ်မှု၊တစ်ဦးနှင့်တစ်ဦးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အပေးအယူ မျှတမှု၊ လူငယ်များအားလုံးအကျိုးဖြစ်စေမည့် လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်နိုင်ရန် တာဝန်သိမှု၊ တာဝန်ခံမှု လိုအပ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များသည် အများအကျိုးဖြစ်သည့်အတွက် အကောင်အထည်ဖော်ရာတွင် ပရဟိတ လုပ်ငန်းတစ်ရပ်ကဲ့သို့ ဖြစ်ပါကြောင်းနှင့် လူငယ်များသည် အနာဂါတ်နိုင်ငံအတွက် အရေးပါသည့်အကျိုးပြု အင်အားဖြစ်ပါ ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေး လူငယ်ကိုယ်စားလှယ်များ၊ UNFPA နှင့် အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများ၊ နည်းပညာအကြံပေးပုဂ္ဂိုလ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2018