နိုဝင်ဘာ၊၇၊ရန်ကုန်
ထူးချွန် မသန်စွမ်းလူငယ်များနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား /သူ များအားဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုပတ်ဝန်းကျင်နယ်ပယ်အသီးသီးတွင် ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိရန်အတွက် ကိုယ်စီ ကြိုးပမ်း ဆောင်ရွက်နေကြရာ မသန်စွမ်းသူများလည်းပါဝင်ပါကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရရှိလာသောအောင်မြင်မှုများကို အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးကျူးခြင်းအနေဖြင့် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်းမသန်စွမ်းသူများနှင့် လူငယ်များ၏ အခန်းကဏ္ဍကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကျောင်းတွင်းပညာသင်ကြားမှုအနေဖြင့် လူတိုင်းအတွက် ပညာရေး၊ လူတိုင်း အကြုံးဝင်ပညာရေးစနစ်များဖြင့် ဆောင်ရွက်နေသကဲ့သို့ နည်းပညာပိုင်းဆိုင်ရာတွင်လည်း ICTဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ သက်မွေးဝမ်း ကျောင်းလုပ်ငန်းများအတွက် သင်တန်းကျောင်းများနှင့် လူငယ်လေ့ကျင့်ရေးကျောင်းများတွင် အားကစား၊ အနုပညာကဏ္ဍများကိုပါ ထည့်သွင်းလေ့ကျင့်သင်ကြားပေးနေပါကြောင်း၊ အဆိုပါကျောင်းများမှ ယခုကဲ့သို့မသန်သော်လည်းစွမ်းကြသော လူငယ်များပေါ်ထွက် လာပါကြောင်း၊ ထူးချွန်များကိုမိမိတို့ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဂုဏ်ယူရပါကြောင်း၊ နောက်လာမည့်နှစ်များတွင်လည်း ပိုမိုတိုးတက်သော အောင်မြင်မှုများကိုရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၃) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် အာရှအဆင့်မသန်စွမ်းစစ်တုရင်ပြိုင်ပွဲတွင် တစ်ဦးချင်းငွေတံဆိပ်နှင့် အဖွဲ့လိုက်ငွေတံဆိပ်ရရှိခဲ့သော မသန်စွမ်းလူငယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီးထူးချွန်သူများကိုယ်စားမသန်စွမ်းလူငယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းလူငယ်သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။#hl1
#hl2
#ygn_Nov2018