နတ်မောက်မြို့၊မူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေပေးအပ်ပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

နိုဝင်ဘာလ၊၄၊ နတ်မောက်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေများပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ မူလတန်းကြိုကျောင်း၌ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်အနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ကကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်ပက်ဖြန်းခြင်း၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပေးခြင်းနှင့် ကလေးငယ်များကို လက်ဆောင်များပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာမိမိတို့အစိုးရအနေဖြင့် လက်ရှိပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိ သောကိစ္စများကို ဆောင်ရွက်အကောင်အထည်ဖော်ပေးလျက်ရှိသကဲ့သို့ အနာဂတ်ပြည်သူများအတွက်လည်း ပိုမိုကောင်းမွန် သော အခြေအနေကောင်းများဖန်တီးပေးခဲ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း သည် အနာဂတ်နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းအမွေပေးရန်ဖြစ်ပြီး၊ ထိုသို့သောလူငယ်များဖြစ်ထွန်းလာစေရန် ရှေးဦးအရွယ် ကလေးသူငယ်များကို ကိုယ်ခန္ဓာပုံမှန်ကြီးထွားရုံသာမက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုများအတွက် မှန်ကန်သောရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းလမ်းများဖြင့် မူဝါဒများ၊ မဟာဗျူဟာများကိုလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်နှစ်လျှင် မူလတန်းကြိုကျောင်း (၁၀) ကျောင်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံကိန်းများရေးဆွဲလျက်ရှိရာ တစ်နိုင်ငံလုံး တွင် မူလတန်ကြိုကျောင်း (၁၂၃)ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊ မူလတန်းကြိုကျောင်းများဖွင့်လှစ် နိုင်ခြင်းမရှိသေးသော အချို့ ဒေသများ တွင်ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပေးထားပြီးနှစ်စဉ် ဆရာမများအတွက် လစာ ထောက်ပံ့ငွေများ၊ နည်းပညာဆိုင်ရာအထောက်အကူများနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့‌ပေးလျက်ရှိရာ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း (၁၀၂၅) ကျောင်းရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ရပ်ရွာအခြေပြုမိခင်ဝိုင်းများ ကိုတိုးချဲ့ဖွင့် လှစ်လျက်ရှိရာယခုအခါ မိခင်ဝိုင်းပေါင်း (၄၅၃) ဝိုင်းကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကိုစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာလူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအကျဆုံးအပိုင်းဖြစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးမှုလုပ်ငန်း (Early Childhood Care and Development Services)ကိုဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့စီးပွားရေးပညာရှင်များရဲ့သုတေသနပြုချက်အရစီးပွားရေးလုပ်ငန်းများစွာအနက် ကလေးဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုုပ်နှံခြင်းသည် အနာဂတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာရရှိနိုင်ပါကြောင်း၊ ကလေး သူငယ်များအားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မူလတန်းကြိုကျောင်းတက်ရောက်ခွင့်ရရှိရေး ပြည်သူများ၊ လူမှုအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးကအမှာစကားပြောကြားခဲ့ပြီးနတ်မောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က မူလတန်းကြိုကျောင်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တောင်တွင်း ကြီးမြို့နယ်၊ အောင်မြင်သာကျေးရွာစက်ရေတွင်းတူးဖော် ကုန်ကျငွေ (၂၉.၂၀၀)သန်း၊ ချောက်မြို့နယ်၊ သန်းပင်(မြောက်) ကျေးရွာစက်ရေတွင်းတူးဖော် ကုန်ကျငွေ (၃၉.၃၉၀)သန်း၊ ဂန့်ဂေါခရိုင်နှင့်သရက်ခရိုင်တို့တွင် ရေတိုက်စားပျက်စီး သွားသော ရေကာဘေး Apron အစိတ်အပိုင်းများပျက်စီးမှုပြန်လည်ပြုပြင်ရန်အတွက် (၆၁.၁၈၉)သန်း၊ စလင်း မြို့နယ်၊ ကန်တော် ချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၈၃.၅၉၀)သန်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် Speed Board (၁)စီးတန်ဖိုးငွေ (၄၆.၁၀၈)သန်းနှင့် မကွေးတိုင်းဒေသကြီးအတွက် ဆိပ်ခံဗောတံတားအတွက် (၁၁၀.၆၈၁)သန်း ၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၃၇၀.၁၅၈) သန်းတို့ကိုပေးအပ်ရာလူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကလက်ခံရယူခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး၊ အလှူ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်နတ်မောက်မြို့ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတည် ဆောက်ဖွင့်လှစ်မည့်မြေနေရာအားကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကအဆောက် အဦတည်ဆောက်မည့်အခြေအနေများနှင့် လိုအပ် သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျောက်ဆိပ်ဆရာတော်နှင့် ကန်ကြီးရပ်၊ရွှေဘုံသာကျောင်း တိုက်ရှိ ဘုန်းတော်ကြီးအားသွားရောက်ဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့်အလှူငွေများဆပ်ကပ်လှူဒါန်းခြင်း၊ ရှင်အရဟံမဟာဗောဓိ ရွှေညောင်တော်၊ ပုဗ္ဗာရုံကျောင်းတိုက်ရှိဘုန်းတော်ကြီးအားဖူးမျှော်ကြည်ညို၍သင်္ကန်း၊ အလှူငွေများဆပ်ကပ်လှူဒါန်းခြင်းနှင့် ရှင်အရဟံမဟာဗောဓိရွှေညောင်တော်နှင့် ပရိဘောဂစေတီတော်တို့အား လှည့်လည်ဖူးမျှော်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#mgy_Nov2018

Sign Up

Upcoming Events