(၃-၁၁-၂၀၁၈)နေ့ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fulbright English Language Program သင်တန်းဆင်း လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ သင်တန်းဆင်းပွဲနှင့်စပ်လျဉ်း သည့် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သင်တန်းပို့ချပေးခဲ့သည့် အမေရိကန်နိုင်ငံ အစိုးရ၊ Fulbright Specialist – Dr. Kimberly Osborne နှင့် သင်တန်းဖြစ်မြောက်အောင် စီစဉ်ပေးကြသည့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းပြီးမြောက်သည်အထိ ကြိုးကြိုးစားစား တက်ရောက်ဆည်းပူးလေ့လာခဲ့ကြသည့် သင်တန်းသား/သူများအတွက်လည်းများစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတစ်ခု တက်ရောက်ပြီးစီးပါက သင်တန်းနှင့်စပ်လျဉ်းသည့် အကဲဖြတ်ဆန်းစစ်မှုများကို ပြုလုပ်လေ့ရှိပါကြောင်း၊ အကဲဖြတ်ဆန်းစစ်ချက်ဆိုရာတွင် သင်တန်း ဆရာနှင့် သင်တန်းသား/သူများအကြား အပြန်အလှန် ဆန်းစစ်ခြင်းကို ဆိုလိုပါကြောင်း၊ ယင်းသို့ ဆန်းစစ်ခြင်းမှတစ်ဆင့် သင်တန်းကာလအတွင်း လိုအပ် ချက်များ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ ရှေ့ဆက်ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်း သားများအလိုက် သင်တန်း(၃)မျိုးဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာအခြေခံစီမံခန့်ခွဲမှုသင်တန်း၊ အပြန်အလှန်ဆက်ဆံရေးနှင့် တင်ပြမှု စွမ်းရည်မြှင့် သင်တန်းနှင့် ခေါင်းဆောင်မှု၊ လိုက်ပါဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်းတို့ကို သင်ကြားပို့ချခဲ့သည့်အတွက် သင်တန်းသား/သူများ အနေဖြင့်လည်း သင်တန်းမှရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများကို ဆက်လက်တိုးပွားအောင် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသွားစေလို ပါကြောင်း၊ ဤသင်တန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးခြင်းဖြစ် သဖြင့် အင်္ဂလိပ်ဘာသာစွမ်းရည်မြှင့် သင်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဝ န်ကြီးဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် ဌာနဖြစ်သည့်အတွက် လူမှုဆက်ဆံရေးပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ပါကြောင်း၊ ထိရောက်စွာ ဆွေးနွေးတင်ပြနိုင်သည့် စွမ်းဆောင်ရည်မျိုးရရှိရန်လည်း အရေးကြီးပါကြောင်း၊ ယင်းကဲ့သို့ စွမ်းဆောင်ရည်ရှိခြင်းအားဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုလုပ်ငန်းရပ်များ အောင်မြင်တိုးတက်စေနိုင်မည် ဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်းသည် နေ့စဉ်ကိစ္စ ရပ်များတွင် ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရသည်များရှိသကဲ့သို့ နောက်လိုက်အနေဖြင့် လုပ်ဆောင်ရသည်များ လည်းရှိပါကြောင်း၊ ခေါင်းဆောင်ကောင်းများဖြစ်ရန် လိုအပ်သကဲ့သို့ နောက်လိုက်ကောင်းများဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ မိမိအထက်ဆင့်သို့ ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို တင်ပြလုပ်ဆောင်သကဲ့သို့ မိမိကိုယ်တိုင်ကလည်း နမူနာပြလုပ်ဆောင်ကြရပါကြောင်း၊ သို့ဖြစ်ရာ သင်တန်း(၃)ခုလုံးသည် ဆက်စပ်နေပြီး ဝန်ကြီးဌာနအတွက် အရေးပါသဖြင့် လာမည့်အနာဂတ်တွင်လည်း ယခုကဲ့သို့ သင်တန်းများ တိုးမြှင့် ဖွင့်လှစ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်နေရသည့် ဝန်ကြီးဌာနဖြစ်သည့်အတွက် ယခုသင်တန်းများကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချ လေ့ကျင့်ပေးခြင်းသည် သင်တန်းသား/ သူများအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြဆရာမဖြစ်သည့် Fulbright Specialist ဖြစ်သူ၊ Dr. Kimberly Osborne က သင်တန်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ယင်းနောက် သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
Fulbright English Language Program အရ ဖွင့်လှစ်သည့် သင်တန်း (၃) ခုသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2018
Source: MSWRR