ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

၁.၁၁.၂၀၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ (၆/၂၀၁၈) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းကော်မတီ (၂) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက မိမိတို့နိုင်ငံအနေဖြင့် ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များ စတင်နိုင်တော့မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများမှာ ကြီးမားသောလုပ်ငန်း တာဝန်များဆောင်ရွက်သည့် ကော်မတီအစည်းအဝေးဖြစ်ပါကြောင်း၊ နှစ်ရှည်ဖြစ်လာသော လူမှုရေးကိစ္စမှသည်နိုင်ငံရေး၊ လုံခြုံရေးစသည့်ကဏ္ဍများအထိ ဆက်စပ်နေပါသဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်အရေး ကိစ္စအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ UEHRD ကော်မတီများအပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီစသည်ဖြင့် ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးမှ ပဉ္စမအကြိမ်အစည်းအဝေးအထိ ချမှတ် ခဲ့သောဆုံးဖြတ် ချက်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအပိုင်းကို စနစ်တကျဆောင်ရွက်ရန် ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ (၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ဆွေးနွေးရာတွင် ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အဆင်သင့်ဖြစ်စေရန်နှင့် ထူးခြားဖြစ်စဉ်များကို အချိန် နှင့်တစ်ပြေးညီ တင်ပြစေလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်က ဆွေးနွေးရာတွင် လှဖိုးခေါင်ကြားစခန်းနှင့် ပြန်လည်နေရာချထားမည့် ကျေးရွာများ၏ ဆောင်ရွက်မှုအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုအခြေအနေများနှင့် လိုအပ်ချက် များကို ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးတိုက်တွန်းလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက်များ၊ ထပ်မံဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Nov2018

Sign Up

Upcoming Events